Main menu

Background

ပြည်တွင်းပဲဈေးများ ဆက်လက်လျော့လာပေမဲ့ ယခုတစ်ပတ်မတ်ပဲ၊ ပဲတီစိမ်း တင်ပို့မှုတိုးတက်

Mon, 12/10/2012 - 07:41 -- Anonymous (not verified)

ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းမှာ ပြည်တွင်းပဲဈေးကွက် အနည်းငယ် လှုပ်ရှားခဲ့ပြီး ဝယ်လက်ပြန်အေးသွားလို့ ယခုတစ်ပတ် မှာတော့ ပဲဈေးများဆက်ပြီး လျော့လာတာ တွေ့ရပါတယ်။ မတ်ပဲ ဈေးအနေနဲ့ ရန်ကုန် FOB ဈေးကပြီးခဲ့တဲ့ တစ်ပတ်မှာဖြစ်ခဲ့တဲ့ ကန်ဒေါ်လာ ၅၃၀-၅၅၀ နဲ့ ငြိမ်နေပေမဲ့ ပြည်တွင်းအရောင်း အဝယ်ဖြစ်တဲ့ ဈေးကတော့ ပြီးခဲ့တဲ့ တစ်ပတ်ထက် ကျပ်တစ် သောင်း ကျော်ခန့် လျော့ကျခဲ့ပြီး ပဲတီစိမ်းကတော့ ရန်ကုန်  FOB ဈေးဒေါ်လာ ၃၀ ခန့် ကျဆင်းပေမဲ့ ဒိုင်ပေါက်ဈေးကတော့ ကျပ် ၆၉၀၀၀၀ ကျော်မှာ တစ်ပတ်လုံးငြိမ်နေပါတယ်။ အဝယ်မရှိ သလောက်ဖြစ်နေတဲ့ ပဲစင်းငုံကတော့ FOB  ဈေး တစ်တန် ကန် ဒေါ်လာ ၁၀ ခန့်လျော့ကျသလို ပြည်တွင်းဈေးကလည်း ကျပ် တစ်သောင်းကျော် လျော့ကျတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ထက် ပဲမျိုးစုံဈေးတွေ လျော့ကျပေမဲ့ ပြည်ပ တင်ပို့မှုမှာတော့ မတ်ပဲနဲ့ ပဲတီစိမ်းမှာ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ပဲတီစိမ်း၊ ကုလားပဲကတော့ ဆက်ပြီးတင်ပို့မှုလျော့ကျတာကို သက်ဆိုင်ရာ စာရင်းတွေအရ သိရပါတယ်။ အရောင်းအဝယ်ပါးပါးနဲ့ပဲ မတ်ပဲ၊ ပဲတီစိမ်းတွေကို အပို့ရှိနေခဲ့လို့ မတ်ပဲလက်ကျန်က တကယ်ရောင်း ဝယ်နေတဲ့ ကုန်သည်လက်ထဲမှ တော်တော်လေးလျော့သွားပြီလို့ သိရပါတယ်။ ပဲတင်ပို့ခြင်းမရှိဘဲ ကိုင်ထားတဲ့လက်ကြီး သမား လက်ထဲမှာလောက်ပဲ များများစားစား ကျန်တော့တယ်လို့ သိရပါ တယ်။ ဒါကြောင့်လည်း အရင်က ဘုရင့်နောင်ဒိုင်ပေါက်ဈေးနဲ့ ပြင်ပဈေးကွက်ပေါက်ဈေးက တစ်တန် ကျပ်နှစ်သောင်း ပတ်လည် ကွာဟနေရာမှ ဒီတစ်ပတ်မှာတော့ ကျပ် ၅၀၀၀ လောက်ဘဲ ကွာဟမှုရှိလာကြောင်း သိရပါတယ်။ အသစ်ဝင်လာတဲ့ ပဲတီစိမ်းကတော့ ဈေးကစားခြင်းမရှိဘဲ ဝယ်လိုအားရှိသလောက် အရောင်းအဝယ် ပုံမှန်ရှိနေတာကြောင့် ဈေးကသိသိသာသာမကျဘဲ ပုံမှန်လေးရှိနေပါတယ်။ ပဲစင်းငုံ အနေနဲ့ အိန္ဒိယမှာ ပဲအသစ်တွေဝင်လာတာရယ်၊ အာဖရိက ပဲစင်း ငုံတွေက မြန်မာပဲစင်းငုံထက် တစ်တန် ကန်ဒေါ်လာ ၅၀ ခန့် လျော့နည်း တာရယ်တွေကြောင့် အိန္ဒိယဝယ်လက်တွေ မြန်မာ ပဲစင်းငုံ အရည်အသွေးကို ကြိုက်ပေမဲ့   ဈေးကွာဟမှုကြောင့် ဝယ်ယူမှုနည်းခြင်းဖြစ်တယ်လို့ သုံးသပ်ရပါတယ်။ ယခုရက်ပိုင်း အိန္ဒိယသ တင်းတွေထဲမှာ ပဲစင်းငုံက ပုံမှန်ထက် အထွက်ပိုမှာဖြစ်လို့ ဈေးကျဆင်းနိုင်တယ်ဆိုတဲ့ တပ်လှန့်တဲ့သတင်းတွေ ကလည်း ထွက် ပေါ်နေပါတယ်။ ဒါပေမဲ့ စိုက်ဧရိယာစာရင်းတွေ ကတော့ပြီးခဲ့တဲ့ နှစ်ထက်အတော်ေ လးလျော့ကျကာ ၎င်းနိုင်ငံထုတ်စာရင်းတွေအရ သိရပြန်ပါတယ်။ ပဲတစ်မျိုးချင်း လအလိုက်တင်ပို့မှုကို လေ့လာကြည့်ရင် မတ်ပဲ အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လလုံးမှာ တန်ချိန် ၆ သောင်း ကျော်အထိ တင်ပို့ထားကြောင်း စာရင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာလ တင်ပို့မှုမှာ တန်ချိန် ၂ သောင်းကျော် သာရှိလို့ ယခုနှစ်ကာလတူမှာ တင်ပို့မှုအားကောင်းကြောင်း သိရပါတယ်။ ပဲအသစ်တွေဝင်လာနေတဲ့ ပဲတီစိမ်းအနေနဲ့လည်း အောက်တိုဘာလမှာ တန်ချိန် ၁၃၀၀၀ ကျော် တင်ပို့ခဲ့ပြီး နိုဝင် ဘာလမှာတော့ တန်ချိန် နှစ်သောင်းကျော်ထိ တိုးတက်တင်ပို့ လာခဲ့သလို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတင်ပို့မှု တန်ချိန် ၈၂၀၀ ကျော် ထက်လည်း သိသိသာသာ တင်ပို့မှုပိုမိုတာ တွေ့ရပါတယ်။ ပဲစင်းငုံ တင်ပို့မှုကတော့ အောက်တိုဘာလမှာ တန်ချိန် နှစ်သောင်းကျော် ထိ တင်ပို့နိုင်ခဲ့ပေမဲ့ နိုဝင်ဘာလမှာတော့ တန်ချိန် ၄၅၀၀ ကျော် သာ တင်ပို့မှုရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ပဲစင်းငုံ တန်ချိန် ၃ သောင်းကျော်အထိ တင်ပို့မှုကောင်းခဲ့လို့ ယခုနှစ် ကာလ တူမှာတော့ အတော်လေးလျော့နည်းတာ တွေ့ရပါတယ်။