Main menu

Background

မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာပထမပတ် ပဲဈေးကွက် ပဲတီစိမ်းနဲ့နှမ်းမျိုးစုံ အရောင်းအဝယ်သွက်

Wed, 12/12/2012 - 04:03 -- Anonymous (not verified)

ဒီဇင်ဘာလဆန်း မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ ပဲတီစိမ်း အသေးအကြီး ၂ မျိုးလုံး အဝင်လှိုင်ခဲ့ပြီး၊ အဝယ်အရောင်း လည်း သွက်ခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဈေးကွက်က တော့ ဒေသတွင်းလုပ်ငန်းသုံး ဝယ်လက်သာရှိလို့ အရောင်း အဝယ်နှေး ဈေးအေးခဲ့တာတွေ့ရပါတယ်။ လုပ်ငန်းသမား၊ အများသုံးတဲ့ V 2ကုလားပဲဈေးဟာယခုတစ်ပတ်မှာ တစ်တင်း ၁၅၈၀၀ကျပ်မှ ၁၆၂၀၀ ကျပ်အတွင်းဈေးငြိမ်နေပြီး အရောင်း အဝယ်အားဖြင့် တစ်ရက်မှာ အိတ် ၅၀၀ ဝန်းကျင်ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ 929 နဲ့ ထိုင်ဝမ်ကုလားပဲတွေလည်း နယ်အဆွဲ မရှိဘဲ ဒေသ စက်သမားအဝယ်သာရှိခဲ့ပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ အိတ် ၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ယခုပတ်ပေါက်ဈေးအနေနဲ့ 929 တစ်တင်း ၁၇၃၀၀ ကျပ်မှာတန့်နေကာ ထိုင်ဝမ်တစ်တင်း ၁၈၃၀၀ ကျပ်မှ ၁၈၅၀၀ ကျပ်အတွင်း ဈေးငြိမ်နေတယ်လို့သိရပါတယ်။

မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်ကတော့ ဒီတစ်ပတ် မှာလည်း ကြားလက်အဝယ် ရှိလို့ ဈေးဆက်လက် အေးခဲ့ရာ တစ်တင်း ၁၅၈၀၀ ကျပ်မှ ၁၅၂၀၀ ကျပ်အကြား အဆင်း အတက်ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် တစ်ရက် အိတ် ၃၀၀ ဝန်းကျင်သာဖြစ်ခဲ့ပြီး ကုန်သည်ဝယ်လက်မှာ ပဲလက်ကျန်လျော့လာကာ အိတ် ၃၀၀၀၀ ဝန်းကျင်ခန့်သာ ရှိနိုင်တယ်လို့ ကုန်သည်တစ်ဦးကဆိုပါတယ်။  ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်ကတော့ နယ်ကပစ္စည်း အဝင်သွက်လာသလို မန်းနဲ့ရန်ကုန်အဆွဲသွက်လို့ အရောင်း အဝယ်ပမာဏလည်း မြင့်တက်လာတာ တွေ့ရပါတယ်။စိမ်း သေးကိုတော့ ရန်ကုန်ဘက်ကအဝယ် များပြီး၊ ယခုတစ်ပတ် မှာ တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ ဈေးမာနေကာ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ စိမ်းကြီးကတော့ မန္တလေးဘက်က အဆွဲပိုခဲ့ကာ ယခုတစ်ပတ် မှာ တစ်တင်း ၁၉၅၀၀ ကျပ် ဝန်းကျင်နဲ့ တစ်ရက်အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်ကဆိုပါ တယ်။ ယခုတစ်ပတ်မှာ ပစ္စည်းအဝင်အများဆုံးဖြစ်တဲ့ နှမ်းမျိုးစုံ ကတော့နယ်လက်အစုံ၊ဒေသစက်သမားအဝယ်စုံနဲ့ အရောင်း အဝယ်သွက်ခဲ့တာတွေ့ရပါတယ်။ ချောင်းဦး၊ ဘုတလင်နဲ့ အရာတော် ဘက်ကဝင်လာ တဲ့ နှမ်းနက် က ဈေးကွက်ကို ဦး ဆောင်နေရာ တစ်တင်း ၃၄၅၀၀ ကျပ်ဈေးထိ အမြင့်ဈေးရ ပြီး၊ တရုတ်ပြည်အတွက် မန်းဝယ်လက်တွေ တစ်ရက် အိတ် ၃၀၀ ခန့်ဝယ်ယူမှုရှိတယ်လို့ဆိုပါတယ်။ နှမ်းနက်လိုပဲ တရုတ် ဝယ်လက်ရှိတဲ့ နှမ်းဖြူကတော့ အဖြူသန့်မသန့်ပေါ်မူတည် ကာတစ်တင်း ၂၈၃၀၀ ကျပ်ကနေ၂၉၀၀၀ ကျပ်ကြား ပေါက် ဈေးဖြစ်ခဲ့ပြီး တစ်ရက်အိတ် ၇၀၀ ၊ ၈၀၀ အရောင်းအ ဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံဆီစက်သမားတွေကတော့ နယ်စုံက ဝင်လာတဲ့ နှမ်းဝါ၊ နှမ်းနီနဲ့နှမ်းညိုတွေ အဝယ်လိုက် ခဲ့ပြီး တစ်တင်း ၂၆၃၀၀ ကျပ်မှ ၂၆၅၀၀ ကျပ်ကြား ပေါက် ဈေးဖြစ်ခဲ့ကာ တစ်ရက်မှာ အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်းအဝယ်သွက်လျက်ရှိတယ်လို့ ကုန်စည်ဒိုင်ဈေးကွက် က လေ့လာ သိရှိရပါတယ်။             ထွန်းလှိုင်-မုံရွာ