၂၀၁၂-၂၀၁၃ နွေစပါးအထွက်နှုန်း တိုးတက်ရေး၊ တောင်သူပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၂ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ပေါက်တောကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ ပညာပေးဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း တိုင်းဒေသကြီးမန်နေဂျာ ဦးအေးကိုကို၊ စိုက်ဘဏ်မန်နေဂျာ၊ ခရိုင်စိုက်ပျိုးရေးမန်နေဂျာ၊ ဆည်မြောင်းဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနဲ့ ပေါက်တော၊ ဘုရားကြီး၊ ဝမ်းဘဲအင်းကျေးရွာ အုပ်စုတို့မှ တောင်သူ ၂၀၀ ကျော်တက်ရောက်ကြပါတယ်။
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း တိုင်းဒေသကြီးမန်နေဂျာမှ နွေစပါးစိုက်ပျိုးရာမှာ အထွက်နှုန်းကောင်းမွန်တဲ့ ပုလဲသွယ် စပါးကို အဓိကထားစိုက်ပျိုးစေရန်နဲ့ စိုက်ဘဏ်တိုင်း ဒေသကြီးမန်နေဂျာမှ တောင်သူများ နွေစပါးအထွက်နှုန်း တိုးတက် ရေး၊ ပံ့ပိုးမှုအနေနဲ့ နွေစပါးတစ်ဧကစိုက်ရင် ဘဏ်ချေးငွေ ၈၀၀၀၀ ကျပ်နှုန်း ထုတ်ချေးပေးမှာဖြစ်ကြောင်း တင်ပြဆွေး နွေးခဲ့ပါတယ်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ တက်ရောက်လာတဲ့ လယ်သမားများ အပြန်အလှန်ဆွေးနွေးကြ ကြောင်း သိရပါတယ်။ ထွန်းဇော်-ပဲခူး
