မြန်မာနဲ့ ပါကစ္စတန်တို့ကို ယှဉ်ပြိုင်ဖို့ ၂၀၁၃ မှာ ဗီယက်နမ်ဆန်ကုန်သည်များ ဈေးနှုန်းလျှော့ချနိုင်

နှစ်တစ်နှစ်ရဲ့ ပထမလအချို့ဟာ နိုင်ငံရဲ့ အဓိကစပါးရာသီမှ ဆန်များဝင်ရောက်ပြီး၊ ဈေးကျဆင်းတတ်လို့ ဗီယက်နမ် ဆန်ကုန်သည်နဲ့ တောင်သူနှစ်ဦးလုံးအတွက် စိုးရိမ်ရတဲ့အချိန်ဖြစ်ပါတယ်။ တရုတ်ဈေးကွက်ဝေစု ပိုမိုရရှိဖို့ ပါကစ္စတန်နဲ့ မြန်မာတို့ကို ယှဉ်ပြိုင်ဖို့ဆိုရင် ၂၀၁၃ မှာ ဗီယက်နမ်ကုန်သည်တွေအနေနဲ့ ဆန်တင်ပို့ဈေး ထပ်မံလျှော့ချဖို့လိုအပ်နိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။

FAO မှ ပြောကြားချက်အရ ၂၀၁၂ ဇန်နဝါရီမှ အောက်တိုဘာလအတွင်း ဗီယက်နမ်ဆန်တန်ချိန် ၁ ဒသမ ၄၃ သန်းဝန်းကျင်ကို တရုတ်ကဝယ်ယူထားလို့ အဲဒီကာလအတွင်း ဗီယက်နမ်စုစုပေါင်း တင်ပို့တဲ့ တန်ချိန် ၆ ဒသမ ၅ သန်း ရဲ့ ၂၂ ရာခိုင်နှုန်းက တရုတ်က တင်သွင်းခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ မှာ တရုတ်က ဆန်တန်ချိန် ၂ သန်းကျော် တင်သွင်း ရဖွယ်ရှိပေမယ့် ယှဉ်ပြိုင်မှုက တိုးတက်နေတယ်လို့ ဆိုပါတယ်။ ပါကစ္စတန်ဆန်ကုန်သည်များ ပြောကြားချက်အရ ပါကစ္စတန်နိုင်ငံဟာ ယခုနှစ်မှာ တရုတ်ကို ဆန်တန်ချိန် ၈ သိန်းကျော် တင်ပို့ထားပြီး၊ နောက်နှစ်မှာ ဒီ့ထက်ပိုမိုဖွယ်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကလည်း ၎င်းရဲ့ဆန်တင်ပို့မှုကို တန်ချိန် ၇ သိန်းဝန်းကျင်မှ နောက်နှစ်မှာ တန်ချိန် ၁ ဒသမ ၅ သန်းထိ တိုးဖို့ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံရဲ့ တင်ပို့ ဆန်ထဲမှာ ပမာဏတော်တော်များများကို ၂ နိုင်ငံနယ်စပ် မှတစ်ဆင့် တရုတ်ကို တင်ပို့ထားပြီး ဖြစ်ပါတယ်။ ဗီယက်နမ် ၅ မှတ်ဆန်ဈေးက ယခုလအတွက် ပျမ်းမျှဆန်တင်ပို့ဈေး ကန်ဒေါ်လာ ၄၄၅ ဝန်းကျင်နဲ့ ယှဉ်ရင် ယခုကန်ဒေါ်လာ ၄၀၀-၄၁၀ ကို ကျဆင်းခဲ့ပြီး၊ ယခင်လ ဈေးကန်ဒေါ်လာ ၄၅၅-၄၆၅ ထက်လည်း ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်မှာ မြန်မာနိုင်ငံနဲ့ ယှဉ်ပြိုင်ဖို့ ဆန်ဈေးကို မကြာခင် ထပ်မံ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာ ၅ မှတ်ဆန်ဈေးက ယခုအခါ ကန်ဒေါ်လာ ၃၇၀-၃၈၀ ဝန်းကျင်နဲ့ ပါကစ္စတန် ၅ မှတ်ဆန်ဈေးက ကန်ဒေါ်လာ ၄၂၅-၄၃၅ ဝန်းကျင်ရှိကြောင်း oryza သတင်းအရ သိရပါတယ်။        လဝန်း