တရုတ်နိုင်ငံသည် ယခင်နှစ်သိုလှောင်ထားသော အရန် ဆန်များကို ဒီဇင်ဘာလဆန်းပိုင်းကထုတ်ရောင်း ခဲ့ကြောင်း သိရှိရပါတယ်။ တရုတ်နိုင်ငံအတွက် အရန်ဆန်ကို ယခင်က ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့အမေရိကန်နိုင်ငံတို့မှ ဝယ် ယူလျက်ရှိပါတယ်။ ယခုနှစ် အတွက်အရန်ဆန်ကို မြန်မာနိုင်ငံ ဘက်မှလည်း ဝယ်ယူမယ်လို့ သိရှိရပါတယ်။ မြန်မာနိုင်ငံမှ ဆန်များသည် အရည်အသွေးကောင်းပြီး ဈေးသက်သာသော ကြောင့် ဝယ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှဧည့်မထ ၁၀ ရာခိုင်နှုန်း ၊ ၁၅ ရာခိုင်နှုန်းနဲ့ ငစိန် ၂၅ ရာခိုင်နှုန်းဆန်များကို တရုတ်နိုင်ငံကိုအများဆုံး တင်ပို့နေကြောင်း သိရပါတယ်။ မြန်မာ့ဆန်များဟာ တရုတ် နိုင်ငံ ဇီချွမ်ပြည်အထိ ဈေးကွက်ထိုးဖောက်ရရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှဆန်ကြမ်းဖြစ်တဲ့ ငစိန် ၂၅ ရာခိုင်နှုန်း ဆန် များကို အရက်ချက်လုပ်ရာမှာအသုံးပြုပြီး ဆန်ချော ဖြစ်တဲ့ ဧည့်မထ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း ဆန်များအား ဆန် ခေါက်ဆွဲပြုလုပ်ရန်နဲ့ ထမင်းအဖြစ် စားသုံးမှုပြုကြခြင်းဖြစ်လို့ မြန်မာ့ဆန်များ တရုတ်ဈေးကွက်သို့ တဖြည်းဖြည်းနဲ့ ကျယ် ကျယ် ပြန့်ပြန့်ရောက်ရှိလာပါတယ်။ ယခုနှစ်တွင် မြန်မာ့ဆန်များကိုဝယ်ယူရန် အစီအစဉ် ရှိသောကြောင့် မြန်မာဘက်မှတရုတ်ကုန်သည်များ နဲ့အမြန် ဆက်သွယ်ချိတ်ဆက်၍ အချိန်မီတင်ပို့နိုင်မှသာ ဈေးကောင်း ရရှိလာနိုင်မှာဖြစ်ပါတယ်။ မြန်မာ့ဆန်များ ဈေးကောင်းရမှ တောင်သူများအတွက်လည်း ပိုမိုအကျိုးအမြတ်ရရှိလာပြီး လူ နေမှုဘ၀ ပိုမို အဆင်ပြေလာနိုင်မှာဖြစ်ကြောင်း သတင်း ကောင်းပေးလိုက်ပါတယ်။ အောင်သူရ (လွယ်ဂျယ်)