နှစ်သစ်တစ်နှစ် နှစ်ဆန်းပိုင်းကာလသို့ ရောက်ရှိလာသော်လည်း ကားဈေး ကွက်မှာ အကျဈေးဘက် ဦးတည်နေပြီး ဝယ်သူ့အကြိုက်ဖြစ်နေဆဲပင်ရှိကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုးဆောင်များအပြောအရ သိရသည်။
စီအိုင်အက်(ဖ်) ဈေးနှုန်းအနည်းငယ် ပြောင်းလဲပေးခြင်းသည် အိုဟောင်း အပ်နှံ အသစ်သွင်းယာဉ်များ အတွက်သာဖြစ်ပြီး ယခင် ၂၀၀၇ ခုနှစ်ထုတ်၊ ယခု ၂၀၀၈ ခုနှစ်ထုက်မှစ၍ တင်သွင်းခွင့်ပြုထားသော ဖရီးပါမစ်သမားများအတွက် မပါဝင်သော်လည်း ယင်းမိုဒယ်လ်မြင့်အင်ဂျင်ပါဝါသေး ကားလေးများ၏ ဈေး တန်းမှာ ပြန်လည်ဆွဲတင်နိုင်ဖွယ်မရှိကြောင်း ၎င်းင်းတို့မှပြောသည်။ယခုအပြောင်းအလဲ အနည်းငယ်ကြောင့် အင်ဂျင်ပါဝါကြီးကား အနည်းငယ် အရောင်းအဝယ်ရှိသော်လည်း ထင်သလောက် မဟုတ်ကြောင်း၊ လုပ်ငန်းသုံးပြီး ခရီးသွားနိုင်သော ကားနှင့် ဖိုးဝှီးလ်ကားများသာဖြစ်ပြီး အဝယ်မှာ လတ်တလော သုံးစွဲမည့်သူများသာဖြစ်ကြောင်း သိရသည်။ စလစ်ဈေးတန်းမှာ ယခင်က အပြောင်း အလဲလုပ်ပြီးလျှင် အနည်းငယ်ကျလာနိုင်သည် မှန်းဆကြသော်လည်း လက်တွေ့ တွင် ကျမသွားဘဲ (ဗ) အက္ခရာစလစ်ဆိုလျှင် ကျပ်သိန်း ၉၀ ဝန်းကျင် ဈေးတန်းနေ ကြောင်း၊ လျော့ရောင်းပါကလည်း ၈၈/၈၉ သိန်းခန့် ရှိသေးကြောင်း၊ အက္ခရာ ဟောင်း (န/ပ) စလစ်များမှာ ကျပ် ၇၅ သိန်းမှ ၇၈ သိန်းကြားရှိပြီး အဝယ်နည်း ကြောင်း၊ အငှားယာဉ်စလစ်ဈေးလည်း ဈေးတန်းနေကြောင်း ဝိုင်းတွင်းဈေးကွက် သတင်းအရ သိရသည်။ကားအရောင်းပြခန်းများနှင့် တစ်ပိုင်တစ်နိုင် တင်သွင်းသူများ ရောင်းချနေ သော တက္ကစီယာဉ်သစ်များသာ အဝယ်မရှိသလောက် နည်းနေသော်လည်း စလစ် ဈေးမှာမူ ကျပ်သိန်း ၇၀ တန်းနေကြောင်း၊ ယခုနောက်ပိုင်း စလစ်မလိုသည့် တန်ဖိုး နည်း ဆီစားသက်သာသည့် ရိုးရိုးအက္ခရာသုံး တက္ကစီပြောင်းလဲမှု များလာကြောင်း သိရသည်။နှစ်သစ်တစ်နှစ်ကူးပြောင်းလာ၍ ဒီဘက်ပိုင်းတွင် အရောင်းအဝယ်ကောင်း လာမလားဟု မျှော်လင့်ကြသည့် ကားဝယ်ရောင်းသမားများလည်း ဈေးကွက် အခြေအနေမှာ ယခင်အတိုင်းပင် ဈေးလျော့ရောင်းမှ ရောင်းထွက်သည့် အခြေ အနေသို့ရောက်ရှိနေသည့်အပြင် ရှေ့သို့လည်း မျှော်မှန်းရသည်မှာ မရေရာသဖြင့် ဝယ်ရောင်းသမားအများစုမှာ ကားအလုပ်အား ဆက်လုပ်မည်ဆိုလျှင် အခြားငွေ ပေါ်သည့်လုပ်ငန်းတစ်ခုနှင့် တွဲဖက်ထားမှသာ ခံနိုင်ရည်ရှိမည်ဖြစ်ကြောင်း ဝါရင့် ဝယ်ရောင်း ကိုမြင့်ကျော်မှ သုံးသပ်ပါသည်။ SN
