မန္တလေးမြို့၊ မြစ်ငယ်၊ ထုံးဘိုလမ်းခွဲရှိ ကုန်စည်ပို့ဆောင်ရေးဆိုင်ခန်းများကို ယခု ၁ ရက်နေ့မှာ ဆောက်လုပ် ပြီးစီးမှုအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို အပြီးအပ်နှံရမှာဖြစ်ကြောင်း သိရပါတယ်။ယခုထပ်မံဆောက်လုပ်တဲ့ အခန်းပေါင်း ၁၃၉ ခန်းရှိပြီး၊ မြို့တွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းပေါင်းမှာ ၂၈၀ နဲ့ ၃၀၀ ကြားရှိခြင်းကြောင့် ယခုချက်ချင်းပြောင်းရွှေ့ဖွင့်လှစ်ဖို့ အဆင်မပြေနိုင်ကြောင်း သိရပါတယ်။
ရွှေဂုံမန်းကုန်စည်ပို့ဆောင်ရေးမှ ဦးခင်မောင်အေးက "ခုချိန်ထိ ပြောင်းရွှေ့ဖွင့်ဖို့တော့ မပြောသေးဘူး။ မနှစ်တုန်းကတော့ ပြောင်းရွှေ့ဖို့ပြောရာမှာ ဂိတ် ၁၅၀ ခန့်ကို စည်ပင်ကကြိုတင်ရောင်းချထားပြီး၊ ၈ ခန်းပဲကျန်တဲ့အတွက် ဝယ်ထားတဲ့သူတွေဆီ က ပြန်ဝယ်ဖို့က မဖြစ်နိုင်ဘူး။ ရောင်းဈေးက ကျပ်သိန်း ၁၃၅၀ ဆိုတော့ ဝယ်ထားတဲ့သူကလည်း အမြတ်ရမှပြန်ရောင်းမှာပဲ။ ဦးတို့က ငွေပြန်မပေါ်ဘဲ အပျောက်ဝယ်ရမှ သူတို့က အငှားချတဲ့သဘောနဲ့ ရောင်းပေးတာဆိုတော့ ဒီဈေးနဲ့လည်း မဝယ်နိုင် ဘူး။ အငှားချပေး တာဖြစ်တဲ့အတွက် အဆောက်အအုံ တန်ဖိုးနဲ့ဘဲရောင်းသင့်တယ်။ ကျွဲဆည်ကန်ကားကွင်းမှာ ဖွင့်နေတဲ့ဂိတ် တွေကို စည်ပင်ကပြန်ရောင်းခိုင်းတယ်။ ဒါလည်း မဖြစ်နိုင်ပါဘူး။ တစ်ဖက်မှာ မသေချာဘဲ ရွှေ့ဖို့မဖြစ်နိုင်ပါဘူး"လို့ ပြောပါတယ်။မန္တလေးတိုင်းဒေသကြီး ကုန်စည်ပို့ဆောင်ရေးအသင်းမှ ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၂၅၀ နဲ့ ၃၀၀ ကြား ဝယ်ယူ နိုင်ကြောင်း မန္တလေးမြို့ရဲ့ စည်ပင်သာယာရေးကော်မတီကို တင်ပြထားပြီးဖြစ်ကြောင်း၊ ယခုအခါ ပြင်ပမှာ ထွက်ပေါ်နေတဲ့ သတင်းများအရ ဂိတ်တစ်ခန်းကို ကျပ်သိန်း ၅၀၀ နဲ့ ရောင်းချမယ်လို့ သတင်းများထွက်ပေါ်နေပြီး ဆောက်လုပ်တဲ့ အခန်းအရေ အတွက်နဲ့ လက်ရှိလုပ်ကိုင်နေတဲ့အရေအတွက်အရ အဆင်မပြေနိုင်ကြောင်း သိရပါတယ်။ ဇူးဇူး-မန္တလေး
