ဆန်ကို နိုင်ငံတိုင်းစားသုံးကြသော်လည် စားသုံးမှုပုံစံနှင့် စားသုံးမှုအလေ့အထကြောင့် လူတစ်ဦးတစ်နှစ် စားသုံးမှုကို ထုတ်ပြန်သော FAO ကိန်းဂဏန်းများအရ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော အမေရိကန်တွင် တစ်နှစ်လျှင် လူတစ်ဦး ၁၄ ကီလို နှင့် နိုင်ဂျီးရီးယားကဲ့သို့ ဆန်အများဆုံးတင်သွင်းသော နိုင်ငံတွင် ၃၇ ကီလိုနှုန်းရှိပြီး တစ်ကမ္ဘာလုံး ပျမ်းမျှ ၆၅ ကီလိုနှုန်းလောက် စားသုံးပါသည်။ ဆန်စားသုံးမှုနှုန်းနည်းသော နိုင်ငံများတွင် ချမ်းသာသောနိုင်ငံများမှာ များသောအားဖြင့် တန်းမြင့်ဆန် Supply Quality ကဲ့သို့ ဆန်ကွဲပါဝင်မှုမရှိဘဲ ဆန်လုံးစင်သက်သက်ကိုသာ စားသုံးသည်ကို တွေ့ရှိနိုင်ပါသည်။
ဆန်လုံးစင်ထဲမှ ဂျပန်နိုင်ငံမှ ဂျာပွန်နီကာ၊ ထိုင်းနိုင်ငံမှ ဂျက်စမင်ဆန်မွှေး၊ အိန္ဒိယနိုင်ငံတို့မှ ဘာစမာတီ ကမ္ဘာ့ဆန်ဈေး ကွက်တွင် နေရာရရှိထားလျက်ရှိပါသည်။ ဆန်ကိုချက်ပြုတ်ရာတွင် အိုးတက်မှုခေါ်သော ဆန်စေ့မှ ထမင်းစေ့ပြန်လည်ရရှိမှု အချိုးတွင် မြန်မာနိုင်ငံမှ ပေါ်ဆန်းမွှေးဆန်သည် အကောင်းဆုံးဖြစ်ပါသည်။ ပေါ်ဆန်းမွှေးသည် ၂၀၁၁ ခုနှစ်၊ ဆန်စပါးညီလာခံ တွင်လည်း ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice 2011) ဆုကိုလည်း ရရှိထားပါသည်။ ဒါကြောင့် နိုင်ငံအနှံ့အပြားတွင် ပေါ်ဆန်း ဆန်စိုက်ပျိုးရေးကို ရေမြေ၊ ရာသီဥတု၊ မျိုး အစရှိသည့် အခြေခံအချက်အလက်များကိုသုတေသနပြုပြီး တစ်စုတစ်ဖွဲ့မှ တစ်အုပ်တစ်မ စိုက်ပျိုးထုတ်လုပ်မည်ဆိုလျှင် မြန်မာတို့၏ ပေါ်ဆန်းဆန်သည်လည်း ကမ္ဘာ့တန်းမြင့်ဆန်ဈေးကွက်တွင် ဝင် ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။ဖော်ပြပါ ဆန်နမူနာထုပ်များမှာ အိန္ဒိယနိုင်ငံသို့ရောက်ရှိစဉ် ဈေးကွက်တင်ထားသော ဆန်ထုပ်များပုံဖြစ်ပြီး ထိုင်း ဂျပ်စမင်ဆန်မွှေး (Thai Jasmine)မှာ အမေရိကန်နိုင်ငံကုန်တိုက်များတွင် တင်ထားသော ဆန်ထုပ်များ ဖြစ်ပါသည်။ ဖော်ပြပါ ထိုင်းဂျပ်စမင်ဆန်တစ်ထုပ်မှ ၂ ပေါင် အလေးချိန်ရှိပြီး ကုန်တိုက်ရောင်းဈေးမှာ တစ်ထုပ်လျှင် ၅ ဒသမ ၉ ဒေါ်လာရှိပါသည်။ ဒါကြောင့် ဆန်တစ်တန်၏ တန်ဖိုးမှာ ဒေါ်လာ ၅၉၀၀ ရှိပါသည်။ ကျွန်တော်တို့ နိုင်ငံမှ ဧည့်မထစူပါဆန် တစ်တန်ရောင်းဈေး မှာ ၄၁၅ ဒေါ်လာဈေးရှိပြီး ဧည့်မထ ၂၅ မှတ်ဆန်ဈေးမှ တစ်တန်လျှင် ၃၅၀ - ၃၆၀ ဒေါ်လာရှိသဖြင့် ဖေါ်ပြပါဆန်ကဲ့သို့ ဆန်တစ်တန် တန်ဖိုးရရှိရန် ၂၅ မှတ်ဆန် ၁၅ တန်ခန့်ရောင်းရမည်ဖြစ်ပါသည်။ ယခုလို ကမ္ဘာနှင့်အဝှမ်း လောင်စာများ ခြိုးခြံချွေတာချိန်တွင် စပါးအများကြီးကို ဘယ်သူကြိတ်ခွဲတင်ပို့မည်လဲ၊ စပါး နည်းနည်းကိုပဲ စနစ်တကျခေတ်မီစက်များဖြင့် ကြိတ်ခွဲပြီးတင်ပို့မည်လားဆိုတာ စဉ်းစားရမည့်အချိန်ဖြစ်ပါသည်။ တစ်ဖက်က လည်း အမေရိကန်နှင့် စီးပွားရေးပြန်လည်ပူးပေါင်းဆောင်ရွက်ချိန် တွင် အမေရိကန်ကဲ့သို့သော အင်္ဂလန်၊ ပြင်သစ် အစရှိသည့် ဥရောပနိုင်ငံဈေးကွက်များသို့ မြန်မာပေါ်ဆန်းဆန် ထိုးဖောက်ခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှုပိုလျှံသဖြင့် ယခုနှစ် စပါးရာသီ ပေါ်စက ဈေးကျဆင်းခဲ့သော ပေါ်ဆန်းဆန်ဈေးကွက်မှာ ပိုမိုခိုင်မာနိုင်ကြောင်း တင်ပြရခြင်းဖြစ်ပါသည်။ ထို့အပြင် ပေါ်ဆန်း ဆန်မှာ (Round Rice) ဖြစ်သဖြင့် တန်းမြင့်ဆန် (Super Quality) ကြိတ်ခွဲရာတွင် ဆန်လုံးရှည် (Long Grain) ဧည့်မထ ဆန်ထက် စက်ကြိတ်ခံနိုင်ခြင်း ဆန်အရည်အသွေးကောင်းခြင်း၊ အကျိုးအကြေနည်းခြင်းများကြောင့် ဆန်တစ်တန်ရရှိရန် စပါးစားသုံးမှုမှာလည်း ဧည့်မထဆန်ထက်နည်းပါးမည်ဖြစ်သဖြင့် စပါးဖြစ်ပြီး ဆန်မဖြစ်ဘဲ ဆန်ကွဲဖြစ်မည့် အစား ဆန် သားများများရရှိသော ပေါ်ဆန်းစပါးများကို တိုးချဲ့စိုက်ပျိုးပြီးတင်ပို့ခြင်းသည် ပို့ကုန်နည်းနည်းနှင့် ငွေများများ ရရှိနိုင်သော ပေါ်ဆန်းဆန်စိုက်ပျိုးထုတ်လုပ်တင်ပို့ခြင်းကို ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါသည်။ ခေတ္တရာဟင်္သာ-ပြည်