Main menu

Background

အရေအတွက်မှသည် အရည်အသွေးမြှင့် ထုတ်ကုန်ဖြင့် ပြည်ပပို့ကုန်ဝင်ငွေ တိုးမြှင့်ကြရအောင်

Wed, 01/16/2013 - 09:22 -- ydnar

၂၀၁၂ ခုနှစ်သည် ထူးခြားသော နှစ်တစ်နှစ်ဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံ၏ ထွက်ကုန်ဖြစ်သော ဆန်စပါးကို ယခင်ကကဲ့သို့ ဆန်တင်ပို့မှုထိပ်တန်းနိုင်ငံ စာရင်းဝင်အောင် ဆောင်ရွက်ကြိုးစားရာတွင် အခြေအနေတစ်ခုအထိ ရရှိလာသော နှစ်ဖြစ်ပါတယ်။ ယခင်က ဆန်တန်ချိန် တစ်သန်းတင်ပို့ရေးကို နှစ်ကြိမ်ခန့်ဆောင် ရွက်ဖူးပါတယ်။ ပထမအကြိမ် (၁၉၉၄/၁၉၉၅) ခုနှစ်က တစ်နိုင်ငံလုံး ဆန်စက် များကို ကြိတ်ခွဲစေပြီး သယ်ယူရေး၊ တင်ပို့ရေးကို တပ်မတော်ယာဉ်များရဲ့ အကူ အညီကိုပါရယူဆောင်ရွက်ခဲ့ရပါတယ်။ ဒုတိယအကြိမ် (၂၀၀၁/၂၀၀၂) ခုနှစ်မှာ တော့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ ဝန်ထမ်းများမှ နေ့ညအချိန် နှင့် တစ်ပြေးညီ ဆောင်ရွက်သဖြင့် တန်ချိန်တစ်သန်းတင်ပို့နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်သီးသန့် မဟုတ်ပါ။ စပါး၊ ဆန်နဲ့ ဆန်ထွက်ပစ္စည်းမှ ဆန်ကွဲများ ပါခဲ့ပါတယ်။ ယခုနှစ် (၂၀၁၂/၂၀၁၃) ခုနှစ် ဘဏ္ဍာရေးနှစ်မှာတော့ ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလအတွင်း ဆန်တန်ချိန် ၁ ဒသမ ၀၂ သန်းတင်ပို့ပြီးဖြစ်ပါတယ်။ ဘဏ္ဍာနှစ်ပိတ် ရင်တော့ အနည်းဆုံး ဆန်တန်ချိန် ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၅ သန်းအထိ တင်ပို့နိုင်မယ်လို့ ခန့်မှန်းပါတယ်။ ဈေးကွက်လိုအပ်ချက်အရ ကောက်ညှင်းနှင့်ပုလဲ သွယ်စပါးတင်ပို့မှုကိုပါ ပါဝင်ရေတွက်ထားသလို ဆန်ကွဲတင်ပို့မှုလည်း ပါဝင်ပါ တယ်။ ဒါကြောင့် ယခုနှစ်မှာတော့ အနှစ်နှစ်အလလက မျှော်မှန်းထားခဲ့တဲ့   ဆန် တန်ချိန် တစ်သန်းအထက်တင်ပို့ရေးကို ဒီမိုကရေစီအစိုးရလက်ထက်မှာ  ပုဂ္ဂလိက လုပ်ငန်းရှင်များ က အောင်အောင်မြင်မြင် တင်ပို့နိုင်ပြီလို့ပြောလို့ရပြီဖြစ်ပါတယ်။ ထိုကဲ့သို့တင်ပို့နိုင်ရေး ကိုလည်း ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်မှုဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ပို့ကုန်ပိုင်း ဆိုင်ရာ ဖြေလျော့မှုများ၊ လိုင်စင် ဆောင်ရွက်မှု လျင်မြန်သွက်လက်ေ အာင် ညွှန်ကြားဆောင်ရွက်မှု များသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း ထောက်ပြရေးသားလိုပါတယ်။ ဒါကြောင့် ပြည်ပပို့ကုန် တင်ပို့နေသော လုပ်ငန်းရှင်များကုမ္ပဏီများအနေဖြင့် ပို့ကုန်တိုးမြှင့်ရေး မှသည် ပို့ကုန်တန်ဖိုးမြှင့်တင်ရေး အတွက် ဆောင်ရွက်သင့်ချိန် ရောက်ရှိပြီလို့ ပြော ကြားလိုပါတယ်။

ပြည်ပဆန်တင်ပို့ရာမှာ ရိုးရိုးဧည့်မထ (၂၅) မှတ်ဆန်တစ်တန်ရဲ့ တန်ဖိုးမှာ ဒေါ်လာ ၃၄၀ မှ ၃၆၀ ကြားတွင်ရှိပြီး Super Quality တန်းမြင့်ဆန်ရဲ့  တန်ဖိုးမှာ ဒေါ်လာ ၄၂၀ မှ ၅၀၀အထက်တွင်ရှိကြောင်း အားလုံးအသိပင်ဖြစ်ပါတယ်။ ဆန် တစ်တန်ရရှိချိန် စပါးသုံးစွဲမှုမှာ ဧည့်မထ (၂၅) မှတ်ဆန်အတွက် စပါးတင်း ၈၀ မှ ၁၀၀ အထိသုံးစွဲရပြီး တန်းမြင့်ဆန်ကြိတ်ခွဲလျှင် စပါးတင်း ၁၀၀ မှ ၁၂၀ အထိ သာ သုံးစွဲရမည်ဖြစ်သော်လည်း ဘေးထွက်ပစ္စည်း ဆန်ကွဲ၊ ဖွဲနုများမှ ပြည်သူများ အာဟာရအတွက်လိုအပ်သော အသားထုတ်လုပ်မှုကို အထောက်အကူပြုသဖြင့် ပြည်သူ များအသားပိုစားပြီး ပိုမိုကျန်းမာသန်စွမ်းမှာ ဖြစ်ပါတယ်။ အလားတူ ဆန်တစ်တန်ရဲ့ တန်ဖိုးဒေါ်လာ ၈၀ မှ ၁၀၀ အထိ ပိုမိုရရှိမည်ဖြစ်သဖြင့် ဆန်တန် ချိန်တစ်သန်း တင်ပို့လျှင် ပို့ကုန်ဝင်ငွေမှ လက်ရှိရရှိနေသော ဝင်ငွေထက် ဒေါ်လာ သန်း ၈၀ မှ ၁၀၀ ပိုမိုရရှိမည်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပို့ကုန်ဝင်ငွေ ပိုမိုရရှိရေးနှင့် ပြည်ပဈေးကွက်တွင် မြန်မာ့ဆန်တစ်ခေတ် ပြန်လည်ပေါ်ထွန်းရေးအတွက် တန်း မြင့်ဆန်များတင်ပို့ရေးကို ဆောင်ရွက်ချိန်ရောက်နေပြီဖြစ်ပါတယ်။တစ်ဖက်မှလည်း ပြည်တွင်းစိုက်ပျိုး နေသော စပါးမျိုးကွဲများလျှော့ချရေးကို ဆောင်ရွက်ရာရောက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ရေမြေဒေသအလိုက် စပါးမျိုးကောင်းမျိုးသန့်များ ရှိပါတယ်။ ဥပမာအားဖြင့် ဧရာဝတီတိုင်း၊ မြောင်းမြ၊ ပုသိမ်၊ သာပေါင်း၊ အိမ်မဲမြို့နယ်များမှ ဇီယာဆန်ကြိတ်ခွဲသော နှံကား၊ မီးကောက် စပါးများ၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမှ အင်းမရဲဘော်အုပ်စုဝင် ရွှေဒင်္ဂါး၊ ကျောက်ရွေး၊ အုန်းမောင်ရွေး၊ ရဲဘော်ကြီးစပါးများ၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင်မှ ရွှေဘိုခွံနီ၊ မရှုရီ၊ မဂျမ်းတော စပါးများသည် အရည်အသွေးကောင်းပြီး တန်းမြင့်ဆန် ကြိတ်ခွဲနိုင်သော စပါးများဖြစ်ပါတယ်။ အလားတူ ပြည်သူအားလုံး နှစ်ခြိုက်သော ပေါ်ဆန်းစပါးမှာ ယခင်က ပုသိမ် ပေါ်ဆန်းမွှေးဟုသာ အသိများပြီး တဖြည်းဖြည်းမျိုးပြန့်ပွားလာမှုကြောင့် ဖျာပုံ ပေါ်ဆန်းမွှေး၊ ရွှေဘိုပေါ်ဆန်းမွှေး၊ နတ်တလင်းတောင်ပျံမွှေး အစရှိသည်ဖြင့်  ဈေးကွက်အတွင်း နေရာယူလာပြီဖြစ်ပါတယ်။ အလားတူ အလေးပေးတင်ပြ လိုသည်မှာ ပေါ်ဆန်းစပါးသည် ဆန်လုံးပု Short Grain/ Round Rice ဖြစ်သဖြင့် စက်ကြိတ်ခံနိုင်ခြင်း ဆန်ထွက်နှုန်း ကောင်းမွန်ခြင်းကြောင့် လက်ရှိကြိတ်ခွဲနေသော စပါးများထက် ဆန်တစ်တန်ရရှိရန် စပါးသုံးစွဲမှုအနည်းဆုံးဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာဈေးကွက်သို့လည်း မြန်မာ့ ဆန်အမှတ်တံဆိပ်အနေဖြင့် တင်ပို့နိုင်မည့် အလားအလာများလည်းရှိနေပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးဌာနမှလည်း မြန်မာ့ ဆန်အမှတ် တံဆိပ်ဖြစ်သော ပေါ်ဆန်း မွှေး စိုက်ပျိုးရေးကို နေရာတိုင်းဒေသတိုင်း စိုက်ပျိုးနိုင်အောင် သုတေသနပြုဆောင် ရွက်ခြင်းဖြင့် အရေအတွက်မှသည် အရည် အချင်းသို့ဆိုသည့် ဆောင်ပုဒ်ဖြစ်သောQuantity မှသည် Quantity ဖြင့် ပို့ကုန် ဝင်ငွေတိုးမြှင့်စို့ဟု တိုက်တွန်းရေးသား လိုက်ရပါတယ်။                                          ခေတ္တရာဟင်္သာ