Main menu

Background

ပဲတီစိမ်းနဲ့ ပဲစင်းငုံနီအရောင်းသွက်တဲ့ ဇန်နဝါရီလလယ် ပြည်ပဲဈေးကွက်

Mon, 01/21/2013 - 04:59 -- ydnar

ယခုဇန်နဝါရီလဝက်အတွင်း ပြည်ပဲဈေးကွက်မှာ မတ်ပဲအသစ်များ စတင် ဝင်ရောက်လာသလို ပဲတီစိမ်းသီးနှံကလည်း နေ့စဉ်ဝင်ရောက်လျက်ရှိပါတယ်။ ပဲစင်း ငုံနဲ့ ပဲပုပ်သစ်များလည်း ဆက်တိုက်ဝင်ရောက် ခဲ့ပါတယ်။ မတ်ပဲ သစ်များစတင် ဝင်ရောက်လာသော်လည်း အိတ်အနည်းငယ်ခန့်သာ ဝင်ရောက်မှုရှိသေးတဲ့အတွက် ပဲဟောင်းများ နဲ့သာ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲဈေးမှာ တစ်တင်း ၁၄၀၀၀ ကျပ်နဲ့ အဟောင်းရောအသစ်ပါ ၎င်းဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်မှ တစ်ခါတစ်ရံ အိတ် ၂၀၀-၃၀၀ ဝယ်ယူခဲ့ပြီး နေ့စဉ်အရောင်း အဝယ်မဖြစ်ဘဲ ဈေးအေးနေသလို အရောင်းအဝယ်လည်း အေးခဲ့ပါတယ်။

ပဲတီစိမ်းသစ်များကတော့ ပန်းတောင်း၊ ကံမမြို့နယ်များမှ တစ်ရက်အိတ် ၂၀၀ ကျော်နေ့စဉ် ဝင်ရောက်ခဲ့ပြီး၊ မန္တလေးလိုင်းသမားများသာ ထိပ်စ တစ်တင်း ၂၃၅၀၀ ကျပ်၊ ရိုးရိုးစ တစ်တင်း ၂၂၅၀၀ ကျပ်နဲ့ အရည်အသွေး အလိုက်  ဈေးပေးဝယ်ယူ လျက်ရှိခဲ့ပါတယ်။ ပဲစင်းငုံသီးနှံမှာ အဟောင်းလက်ကျန်သိပ်မရှိတော့ဘဲ ပဲစင်းငုံ သစ်များ သာ တစ်တင်း ၁၆၈၀၀ ကျပ်နဲ့ ရန်ကုန်ဝယ်လက်ဝယ်လိုအားများနေခဲ့ တာကြောင့် ပန်းတောင်း၊ ကံမမြို့နယ်များမှ ဝင်ရောက်လာတဲ့ ပဲသစ်များကို အဝင်ရှိသလောက် ဝယ်ယူနေခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံဈေးမှာ ယခင်နှစ်က တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ဈေးဖွင့်ဝယ်ယူခဲ့ကြပြီး၊ ယခုနှစ်အဖွင့်ဈေးမှာ တစ်တင်း ၁၆၈၀၀ ကျပ်ရှိတဲ့အတွက် ယခင်နှစ်ကထက် ဈေးအနည်းငယ်ပိုခဲ့တာကို တွေ့ရပါ တယ်။ ကုလားပဲသီးနှံမှာ ပဲဟောင်းလက်ကျန်များသာ ဒေသတွင်း ခွဲစက်သမားများ ဝယ်ယူမှုရှိခဲ့တာကြောင့် တစ်တင်း ၁၈၈၀၀ ကျပ်နဲ့ နှစ်စမှစပြီး၊ ဈေးငြိမ်အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးသီးနှံကတော့ (ကမ်းနား)တစ်တင်း ၃၄၀၀၀ ကျပ်၊ (ရွှေကျွန်း)တစ်တင်း ၃၇၀၀၀ ကျပ်နဲ့ ယခင်အပတ်ကထက် တစ်တင်း ၅၀၀ ကျပ်ပိုခဲ့ပြီး၊ ပဲလှော်ဖိုသမားများ တစ်ရက်အိတ် ၁၀၀ ကျော်ဝယ်ယူမှုရှိခဲ့တာကို တွေ့ရပါတယ်။ ပဲပုပ်အသစ်များ နှစ်စမှစပြီး ဈေးကွက်ကို ဝင်ရောက်လာပြီး၊ ပေါင်းတလည်၊ ပန်းတောင်းမြို့နယ်များမှ တစ်ရက်အိတ် ၂၀ ခန့်ထိ ဝင်ရောက်ခဲ့ပါတယ်။ ပဲပုပ်အသစ်ဈေးမှာ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ ယခင်အပတ်နဲ့ ယှဉ်ရင် ဈေးလှုပ်လာ ခဲ့ပါတယ်။ ပဲပြားလုပ်ငန်းသမားများ ဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။ ပြည် ပဲပုပ် ဈေးကွက်မှာလည်းယခင်နှစ်ပဲသစ်ပေါ်စမှာတစ်တင်း ၁၄၃၀၀ ကျပ်နဲ့သာ အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခုနှစ်မှာ တစ်တင်း ၁၇၀၀၀ ကျပ်ရရှိလာတဲ့အတွက် ယခုနှစ်မှာ ရှေ့ဆက်ပြီး ဈေးပိုလာနိုင်မယ့် အခြေအနေရှိတယ်လို့လည်း သိရပါတယ်။ခင်ဆွေဝင်း - ပြည်