Main menu

Background

မကွေး နှမ်းဈေးကွက် ဈေးကောင်းရနေ

Fri, 02/01/2013 - 06:26 -- ydnar

မကွေး တိုင်းဒေသကြီးကို ဆီအိုးကြီးလို့တင်စားသလို မကွေး ကုန်စည်ဒိုင် အတွင်းမှာလည်း ဆီ ထွက်သီးနှံများကို နေ့စဉ်မပြတ် ဆီ စက်သမားများ နယ်ဝယ်လက်များနဲ့ စည်ကားစွာအရောင်းအဝယ်ဖြစ်နေ ပါတယ်။ ယခုတစ်ပတ်မှာတော့ တောင်သူလှောင်လက်များနဲ့ မြို့ ပေါ်လှောင်လက်များမှ ရောင်းချမှု နည်းခဲ့ခြင်း၊ မန္တလေးဝယ်လက်များ ရှိခဲ့ခြင်းတို့ကြောင့် နှမ်းဈေးများ တစ်ရိပ်ရိပ်တက်လာခဲ့ပါတယ်။ နှမ်း ဈေးများကို ယခင်နှစ် ဇန်နဝါရီလ တတိယပတ်က နှမ်းနီတစ်တင်း ၂၁၀၀၀ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၁၇၀၀ ကျပ်၊ နှမ်းနက် ၂၂၇၀၀ ကျပ်၊ နှမ်းစမုံနက် ၂၃၅၀၀ ကျပ်တို့ ဖြစ်ခဲ့ပြီး၊ယခုနှစ်ဇန်နဝါရီလ တတိယ ပတ်မှာနှမ်းနီတစ်တင်း၃၃၇၀၀ ကျပ်၊ နှမ်းဖြူတစ်တင်း ၃၅၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၃၇၃၅၀ ကျပ်၊ စမုံနှမ်းနက်တစ်တင်း ၄၁၃၅၀ ကျပ် တို့ဖြစ်ခဲ့တာကြောင့် ယခင်နှစ်က ထက် ဈေးပိုရရှိခဲ့ပါတယ်။

ယခုတစ်ပတ် အဝင်ပါးခဲ့ပေ မယ့် နှမ်းဖြူနဲ့ စမုံနှမ်းနက်တို့ကို မန္တလေး ဝယ်လက်မှ အဝယ်ရှိခဲ့တာ ကြောင့် တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ဆီထွက်သီးနှံ ဈေးနဲ့ အပြိုင်စားဆီဈေးများမှာ လည်း တက်လာခဲ့ပါတယ်။ ပဲဆီ တစ်ပိဿာ ၃၇၀၀ ကျပ် - ၄၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာ ၁၅၀၀ ကျပ် - ၁၆၀၀ ကျပ်တို့နဲ့ အနည်း ငယ်တက်ခဲ့သော်လည်း နှမ်းဆီဈေး များအနေနဲ့ ယခင်အပတ်ထက် တစ် ပိဿာ ၃၀၀ ကျပ်ခန့်ပိုပြီး၊ တစ် ပိဿာ ၃၆၀၀ ကျပ်မှ ၃၈၀၀ ကျပ် - ၃၉၀၀ ကျပ်ထိဈေးမြင့်လာတာ တွေ့ရပါတယ်။တင်တင်လှ - မကွေး