ဧရာဝတီတိုင်းဒေသကြီး၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှခိုင်၊ တိုင်းမန်နေဂျာ ဦးစိုးအောင်တို့ ဟာ ဖေဖော်ဝါရီ ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မန်နေဂျာများ၊ ဝန်ထမ်းများနဲ့တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးမှာ တိုင်းမန်နေဂျာမှ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးရဲ့ ပြောင်းလဲ ဖွဲ့စည်းမယ့် ဖွဲ့စည်းပုံနဲ့ လုပ်ငန်းများအားလည်းကောင်း၊ အရန်ဆန်ဝယ်ယူရေးနဲ့ပတ်သက်ပြီး သိုလှောင်ရုံ ကိစ္စများအား လည်းကောင်း၊ ဆန်စပါးမူဝါဒရေးဆွဲမည့်ကိစ္စများ၊ ဆန်စပါးအနိမ့်ဆုံး အခြေခံဈေးနှုန်း သတ်မှတ်ရေးကိစ္စ များတို့ကို ဆွေးနွေးခဲ့ပါတယ်။ဝန်ကြီးမှလည်း အရန်ဆန်ဝယ်ယူရေးကိစ္စများနဲ့ ပတ်သက်ပြီး လည်းကောင်း၊ ဈေးကွက်စီးပွားရေး စနစ်အရ ဆန်စပါးမူဝါဒရေးဆွဲရာမှာ ပါဝင်သင့်တဲ့ အချက်များအားလည်းကောင်း၊ ဝန်ထမ်းရေးရာကိစ္စ များအား လည်း ပြန်လည်ဆွေးနွေးခဲ့ပြီး၊ ခရိုင်၊ မြို့နယ်အလိုက် ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေ နွေစပါး စိုက်ပျိုးထွက်ရှိမယ့် အခြေအနေ၊ ဆန်စပါးလက်ကျန်အခြေအနေများကို မေးမြန်းခဲ့ရာခရိုင်/ မြို့နယ်များမှ ပြန်လည် ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။ စိုးဦး-ပုသိမ်