Main menu

Background

စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းသည် နိုင်ငံသားတိုင်း၏ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်လာခြင်း

Mon, 02/18/2013 - 09:15 -- ydnar

ယနေ့ခေတ်ဟာ တိုးတက်မှုအလွန်မြန်ဆန်တဲ့ ခေတ်ကြီးဖြစ်ပါ တယ်။ မနေ့ကထက် ယနေ့ဟာ ပိုမိုတိုးတက်ပြီး ယနေ့ထက် မနက်ဖြန်ဟာပိုမိုတိုးတက်မှာဖြစ်ပါတယ်။ အထူးသဖြင့် အီလက် ထရောနစ်ပညာရဲ့ တိုးတက်မှုမှာ အံ့သြဖွယ်ကောင်းလှပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်က ထုတ်လုပ်တဲ့ အီလက်ထရော နစ်ပစ္စည်းတစ်ခုဟာ ယနေ့အချိန်မှာခေတ်မမီနိုင်တော့ခြင်းက တိုးတက်မှုရဲ့ ပြယုဂ်တစ်ခု ပင်ဖြစ်ပါတယ်။ ရုပ်ဝတ္ထု ပိုင်းမှာ မည်သည့်ခေတ်ကာလနဲ့မတုူ အရာရာမှာ လျင်လျင်မြန်မြန်ပြောင်းလဲသွားတာကို မြင်တွေ့နေရပါ တယ်။ တိုးတက်ခြင်းဟာလူအများကို အကျိုးပြုနေတယ်လို့ ယေဘုယျအားဖြင့်ပြောနိုင်သော်လည်း အနုတ်လက္ခ ဏာဆောင်တဲ့ တိုးတက်ခြင်းဟာ ကျွန်တော်တို့ကိုသေချာပေါက် အန္တရာယ်ပေး တော့မှာဖြစ်ပါတယ်။

 
ခေတ်ရဲ့တိုးတက်မှုကြောင့် ကုန်ပစ္စည်းအတုအပပြုလုပ်ရာမှာ လည်း လွန်စွာမှ တိုးတက်ပြောင်းလဲလာပါတယ်။ ပလတ်စတစ်မှ "ဆန်" အတုပြုလုပ်လာကြပြီး၊ အာဂျီနိုမိုတိုဟင်းချိုမှုန့်ကို မူလ ပစ္စည်းတွေဖြစ်တဲ့ ပီလောပီနံ၊ ရေညှိ (Sea Weed)၊ ကြံရိုး၊ ဂျုံများ ကနေထုတ်လုပ်ရာမှ ဓာတုဗေဒကုန်ကြမ်းပစ္စည်းများနဲ့ ထုတ်လုပ် လာကြတာဖြစ်ပါတယ်။ ကလေးများကြိုက်နှစ်သက်စွဲလမ်းတဲ့ အစပ် ချောင်းမုန့်ကို ဂျုံမှုန့်၊ ငရုတ် သီးခြောက်၊ ဆေးခြောက်၊ ဘိန်းမည်း၊ သကြား၊ ဆားစတဲ့ကုန်ကြမ်းပစ္စည်းများနဲ့ ထုတ်လုပ်ကြတယ်လို့ဆိုပါ တယ်။ ယခင်က လျှပ်စစ်ပစ္စည်းများဟာ ကြေးသတ္တုပြားစစ်စစ်များနဲ့ ပြုလုပ်ကြသော်လည်း နောက်ပိုင်းမှာသတ္တုများရောနှောတဲ့ အတွက် မူလအရည်အသွေးလောက်ခိုင်ခန့်ခြင်းမရှိတော့တာဖြစ်တယ်။ ယခုအခါအသင့်အသုံးပြုနိုင်တဲ့ ကုန်ပစ္စည်းများ ကမ္ဘာနဲ့အဝှမ်း လူတွေစိတ်ဝင်စားလာကြပါတယ်။ အထူးသဖြင့် စားသောက်ကုန် ပစ္စည်းများမှာ အချိန်ကုန်သက်သာတာရယ်၊ ငွေကြေးကုန်ကျ သက်သာတာတွေကြောင့် အသင့်စားသောက်ကုန် (Ready Made) များကိုအသုံးပြုလာကြပါတယ်။ သက်ရောက်မှုအနေနဲ့ လူတွေ ရောဂါအဖြစ်များလာပြီး အသက်ဆုံးရှုံးမှုတွေလည်းတွေ့နေရပါ တယ်။ အဲဒီရောဂါများအနက် ကင်ဆာ ရောဂါဟာအဖြစ် အများဆုံး ဖြစ်ပါတယ်။ တစ်ချိန်ကကင်ဆာရောဂါနဲ့ အသက်ဆုံးသွားတယ်ဆို တာ အင်မတန်နည်းပါးလှပါတယ်။ ကျွန်တော်တို့ သတိထားမိတဲ့ အချိန်မှာ ကင်ဆာရောဂါဟာ ကျွန်တော် တို့နိုင်ငံသူနိုင်ငံသားများကို ဝါးမြိုလျက်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဟာ နိုင်ငံ တော် နဲ့နိုင်ငံသားများရဲ့ အသက်စည်းစိမ်ကို အန္တရာယ်ပေးခြိမ်း ခြောက်နေတဲ့ ဘုံရန်သူမူမမှန် အစား အသောက်များ ထုတ်လုပ် ရောင်းချခြင်းကို ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ သိရုံလေးသိရှိခြင်း မဟုတ်ဘဲ ရောဂါကာ ကွယ်ရေးနည်းလမ်းများ မလုပ်ရင်မဖြစ်တော့ ဘူးဆိုတဲ့ ခံယူချက်နဲ့ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်တဲ့ အကြောင်း ဆွေးနွေး တင်ပြသွားရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ နည်းလမ်းတစ်ခုခု နဲ့ သေရမဲ့လူသားများဖြစ်ကြပါတယ်။ အားလုံးလည်းသိကြပါတယ်။ဒါပေမဲ့ ဘယ်သူမှမသေချင်ကြဘူး။ မသေချင်သော်လည်း အိုခြင်း၊ နာခြင်း၊ သေခြင်း ဟာရှောင်လွှဲမရနိုင်တဲ့ အထွက်လမ်းမကြီးတစ်ခုဖြစ် ပါတယ်။ ဤလမ်းမကြီးအပေါ်အချိန်မတိုင်မီ မထွက်ခွာ သေးသရွေ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းရမှာဖြစ်ပါ တယ်။ သေချိန်မတန်သေး ဘဲ ရောဂါတစ်ခုခုနဲ့ဆုံး ပါးသူ တွေကိုဆန်းစစ်ရင် သေသူရဲ့စားသောက်ခဲ့ တဲ့ အစားအသောက်ကနေတစ်ဆင့်ရတဲ့ ရောဂါတစ်ခုခုကြောင့် အသက်ဆုံးသွားတာ ဖြစ်နိုင်ချေအများဆုံးဖြစ်ပါတယ်။ အစာဟာ အသက်လို့ပြောဆိုကြသော်လည်း အစာကြောင့် အသက်အန္တရာယ် ဖြစ်လာရတတ်ပါတယ်။ အစာသည်ဆေး၊ အစာသည်ဘေးလို့ဆိုတဲ့ ဆိုရိုးစကားဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များစား သုံးတတ်ရန် အရေးကြီးပုံကိုဖော်ပြလိုတာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်များစားသောက် ဖို့ အချိန်တိုင်းဂရုစိုက်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး ဥပမာ- အများနဲ့စားသောက်တဲ့အချိန်မှာ ကိုယ်စားသောက်တဲ့ထမင်း ဟာ သန့်ရှင်းမှုရှိ/မရှိဆိုတာရယ်၊ အစားအသောက်ကို အန္တရာယ် ပေးနိုင်တဲ့ ပစ္စည်းရှိ/မရှိဆိုတာတွေ တကူးတကစစ်ဆေးကြည့်မှ မဟုတ်ဘူး။ တစ်ခါတရံ ကျွန်တော်တို့ရဲ့အိမ်တွေမှာ ချက်ပြုတ်တဲ့ ထမင်းဟင်းများ ဟာ အဆိပ်အတောက်ပါဝင်တဲ့အချိန်လည်းရှိနိုင်ပါ တယ်။ အကြောင်းအမျိုးမျိုးနဲ့ ကတိုက်ကရိုက်ချက်ပြုတ်တဲ့ အချိန်မှာ ဓါတ်တည့်တာမတည့်တာတွေမစဉ်းစားနိုင်တော့ဘူး၊ ဒီလိုနဲ့ တစ်ကြိမ် စားတိုင်းအဆိပ်အတောက် ပါလာပါက ကြာလာတဲ့ အချိန်မှာ ကြီးမား တဲ့အဆိပ်အတောက်အဖြစ်လူကိုအန္တရာယ်ပေး လာတတ်ပါတယ်။ လူကို အန္တရာယ် ပေးတဲ့ရောဂါဆိုးတွေဟာ နေ့စဉ်စားသောက်လေ့ရှိ တဲ့အစာကနေတစ်ဆင့် ကူးစက်တာအများ ဆုံးဖြစ်တယ်။ အထူး သဖြင့် ကင်ဆာရောဂါဟာ ရုတ်ချည်းဖြစ်လာ တာမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ကြီးထွား လာတာမျိုးဖြစ်ကြောင်း ပညာရှင်များမှဆို ပါတယ်။ မြန်မာတိုင်းရင်းဆေးရဲ့ အယူအဆအရ ကင်ဆာဟာ လူခန္ဓာကိုယ်အတွင်းသစ်မြစ်လို အမျှင်များပွားတဲ့အတွက် မြစ်ပွားနာ လို့ခေါ်တာဖြစ်တယ်။
အမြတ်များများရရှိရေးသာအဓိက ယခုခေတ်ကုန်ထုတ်လုပ်ရာမှာ အန္တရာယ်ဖြစ်တာမဖြစ်တာတွေ ထက် လျင်လျင်မြန်မြန်ထုတ်လုပ်နိုင်ဖို့သာ ဦးစားပေးလာတတ်ပါ တယ်။ အချို့ကုန်ပစ္စည်းထုတ်လုပ်သူများဟာ အမြတ်အစွန်းများများ ရရှိရေးကို ရှေ့တန်း တင်လာတဲ့အတွက် လူတို့ရဲ့အသက်ကို အန္တရာယ် ပြုတဲ့ အရာဝတ္တုများ ကိုရောစပ်လာကြပါတယ်။ ဥပမာ-ဓါတ်မြေ သြဇာနဲ့ ပိုးသတ်ဆေးများဟာ ယခင်ကထုတ်လုပ်တဲ့ပစ္စည်းများထက် ဘေးထွက်ဆိုးကျိုးပိုမိုများလာပြီး အသီးအရွက်များမှာ အန္တရာယ်ရှိ ဓာတုဓာတ်ကြွင်းပစ္စည်းများပါလာလေ့ရှိပါတယ်။ အသီးအရွက်များ ရောင်း တဲ့ နေရာမှာလည်း လတ်ဆတ်ဖို့အသုံးပြုတဲ့ ဓာတုပစ္စည်းများ ရဲ့ဘေးထွက်ဆိုးကျိုးတွေ ဟာ ကင်ဆာရောဂါ၊ နှလုံးနဲ့ ဆိုင်တဲ့ရောဂါ၊ ကျောက်ကပ်၊ အသည်းနဲ့ဆိုင်တဲ့ရောဂါများ၊ အစာအိမ်နဲ့ ဆက်စပ် တဲ့ ရောဂါများဖြစ်ပွားစေတယ် လို့ဆိုပါတယ်။ ကျွန်တော်တို့နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ကြိုးပမ်းနေချိန်မှာ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ နဲ့ထိုင်းနိုင်ငံတို့ရဲ့ လူသုံးစက်မှုထုတ်ကုန်ပစ္စည်းများအပေါ် အားထား နေရဆဲဖြစ်ပါ တယ်။တစ်ချိန်ကထိုင်းနိုင်ငံမှထုတ်လုပ်တဲ့ " မိကျောင်း" စက်ဘီးဟာ မြန်မာပြည်ဈေးကွက်မှာ လူကြိုက်များ တဲ့စက်ဘီး တစ်မျိုးဖြစ်ပါတယ်။ ထိုနည်းတူစွာ အိန္ဒိယနိုင်ငံကထုတ်လုပ်တဲ့ "Ta Ta" တံဆိပ်ဆိုလာပြားဟာလည်း လျှပ်စစ်မီးကောင်းစွာမရတဲ့ ဒေသများမှာ အထူးရေပန်းစားတဲ့ပစ္စည်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်ဟာ အိန္ဒိယနဲ့ ထိုင်းနိုင်ငံကထုတ်လုပ်တဲ့ကုန်ပစ္စည်းများ ကို ဈေးနှုန်းချိုသာစွာ တုပထုတ်လုပ်ဖြန့်ချီလာပါတယ်။ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့မှလည်း ၎င်းင်းတို့ရဲ့ထုတ်ကုန်ပစ္စည်းကို တရုတ်နိုင်ငံမှ တုပ်ထုတ် လုပ်ပြီး ဈေးကွက်ပါလုယူခံရတဲ့အတွက် ဈေးကွက်ပြန်လည်ရရှိ ရေးဆောင်ရွက်လာကြပါတယ်။ အဆိုပါနှ စ်နိုင်ငံ ဟာ မြန်မာပြည် ဈေးကွက်ရရှိရေးအတွက် ကုန်ပစ္စည်းများရဲ့အရည်အသွေးပိုင်းမှာ သိသိသာသာလျော့ ထုတ်လာကြပါတယ်။ အထက်ဖော်ပြပါ နမူနာ ပစ္စည်းများဖြစ်တဲ့ စက်ဘီးနဲ့ဆိုလာပြားများမှာ အရည်အသွေးလျော့ နည်းသွားတာဟာ လူအများထိခိုက်နစ်နာခြင်းမရှိပေမဲ့ အိမ်သုံး လျှပ်စစ်မီးကြိုးများအရည်အသွေးလျော့ ကျခြင်းဟာ လျှပ်စစ်မီးကြိုး အသုံးပြုသူများ ထိခိုက်စေတယ်ဆိုတဲ့သာဓကများစွာရှိခဲ့ပါတယ်။ ဥပမာ- အိမ်သုံးလျှပ်စစ်ဝါယာကြိုးများမှာ ဓါတ်အားခံနိုင်တဲ့ ကြိုးဖြစ်တယ်ဆိုတဲ့အကြောင်းပါရှိသော်လည်း နန်းကြိုးအမျှင် များ လျော့နည်းသွားတဲ့အတွက် လျှပ်စစ်အားကို ခံနိုင်ရည်မရှိလို့ ဝါယာ ရှော့ဖြစ်တာမကြာခဏကြား သိနေရတာဖြစ်ပါတယ်။ စက်နဲ့စက်အပို သုံးပစ္စည်းများဟာလည်း ယခင်ကလိုကြံ့ခိုင်မှုမရှိတော့ဘူး၊ ၂၀၀၀ ပြည့်ှနှစ်လွန်များက တရုတ်နိုင်ငံထုတ် Kenbo  မော်တော်ဆိုင် ကယ်များဟာ မာကျောခိုင်ခန့်မှုရှိပေမဲ့ နောက်ပိုင်းကျလေလေပစ္စည်း အရည်အသွေးကျဆင်းလေလေဖြစ်သွားပါတယ်။
အရည်အသွေးစစ်ဆေးဖို့လိုပြီ ဒါကြောင့်မို့လိုကျွန်တော်တို့ဆီကို တင်သွင်းလာကြတဲ့ လူသုံး ကုန်ပစ္စည်းများရဲ့ အရည်အသွေးပိုင်းတွေကို စစ်ဆေးဖို့လိုအပ်လာပြီ ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းကလာလာ နယ်စပ်ပေါက်များက လာလာ ပြည်တွင်းေ ဈးကွက်သို့ မရောက်မီ ပြတ်ပြတ်သားသားစစ် ဆေးပြီးမှ ခွင့်ပြုသင့်ပါတယ်။ ဒီနေရာမှာ နားလည်မှုကိုအသုံး ချပြီး ပြည်တွင်းဈေးကွက်သို့ရောက်ရှိမလာရေးဟာ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ဓါတ်အရင်းခံ စိတ်ထားရှိဖို့လိုအပ်မှာဖြစ်ပါတယ်။  ကျွန်တော်တို့ နိုင်ငံဟာ စက်မှုဖွံ့ဖြိုးမှုနည်းနေသေးတဲ့ အတွက် နိုင်ငံခြား ကလာတဲ့ ကုန်ပစ္စည်းများကို အားကိုးအားထားပြုရဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဈေးသက်သာမှုကို အလေးထား တာဖြစ်ပါတယ်။ ဒီအကြောင်းများ ကြောင့်လည်း ကုန်ပစ္စည်းထုတ်လုပ်တဲ့အိမ်နီး ချင်းနိုင်ငံများ ဟာ မြန်မာ ပြည်အတွက် ကုန်ပစ္စည်းအရည် အသွေးတစ်မျိုး၊အခြားနိုင်ငံများကို တင်ပို့တဲ့ ကုန်ပစ္စည်းအရည် အသွေးကတစ်မျိုး နှစ်မျိုးတွေ့နေရတာ ဖြစ်ပါတယ်။ စားသုံးသူပြည်သူများအနေနဲ့လည်း ကုန်ပစ္စည်းများဝယ်ယူတဲ့ အချိန်မှာ ဈေးသက်သာရေးတစ်ခု တည်းကြည့်ပြီးမဝယ်သင့်ဘူး၊ မိမိဝယ်ယူမဲ့ကုန်ပစ္စည်းဟာ အန္တရာယ်ကင်းဖို့၊ မိမိအတွက်အသုံးပြု ရာမှာ အံဝင်မှုရှိဖို့၊ ဈေးနှုန်းသင့်တင့်လျောက်ပတ်မှုရဖို့၊ ဆက်စပ် ပစ္စည်းများအလွယ်တကူူဝယ်ခြမ်းနိုင်ဖို့နဲ့ နိုင်ငံတော်ကိုအခွန်အခများ ပေးဆောင်ပြီးဖြစ်ဖို့ စတဲ့အချက်များနဲ့ ကိုက်ညီမှုရှိဖို့လိုအပ်ပါတယ်။ သို့မှသာ စားသုံးသူများအနေနဲ့လည်း စိတ်ချလက်ချအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်ကြားဖူး တဲ့ တောသူဌေး တစ်ယောက်ဟာ လိုင်စင်မဲ့ ToyotaVan ကားတစ်စီးကို ဈေးသက်သာတယ်ဆိုပြီး ဝယ်ယူလိုက်တယ်လို့ဆိုပါတယ်။ တစ်နေ့သူကိုယ်တိုင် ၎င်းင်းကားနဲ့ မြို့ကိုတက်လာတဲ့အချိန်မှာ မမျှော်လင့်ဘဲယာဉ်တိုက်မှု တစ်ခုကြုံခဲ့ရ ပါတယ်။ တာဝန်ရှိသူက နေစစ်ဆေးတဲ့ အခါမှာ ယာဉ်ပိုင်ဆိုင်မှု အထောက်အထားမပြနိုင်တဲ့အတွက် မော်တော်ယာဉ်ကို သိမ်းဆည်း အရေးယူခြင်းခံရတဲ့ အကြောင်းကြားဖူးပါတယ်။၎င်း သာဓကကိုကြည့် တဲ့အခါ နိုင်ငံခြား ကလာတဲ့ကုန်ပစ္စည်းများ နိုင်ငံတော်ကို အခွန်အခ များပေးသွင်းပြီးကြောင်း အထောက်အ ထားများပြ သနိုင်ဖို့ဆိုတာ စားသုံးသူများရဲ့တာဝန် တစ်ရပ်ဖြစ်တယ်ဆိုတာပါပဲ၊ ထိုနည်းတူ စွာ နိုင်ငံခြားကတင်သွင်းလာတဲ့ မည်သည့်ကုန်ပစ္စည်းမဆို အခွန်အခ ပေးဆောင်ခြင်းဟာ စားသုံးသူများအတွက် လုံခြုံမှုဖြစ်စေပါတယ်။ ကျွန်တော်တို့နေ့စဉ်စားနေသောဆန်များဟာ ယခင်ကဆန် များလို အော်ဂဲနစ်ဆန်များ မဟုတ်တော့ဘူး။ ဓာတုဗေဒအာနိသင် များမကင်းတဲ့အတွက် အရောင်၊ အနံ့၊ အရသာများထူးခြားနေတတ် ပါတယ်။ စပါးစိုက်ပျိုးရာမှာ ဓါတ်မြေသြဇာများလွန်ကဲစွာအသုံးပြုပြီး ဘယ်လိုပစ္စည်းများနဲ့ထုတ်လုပ်ထားတယ်ဆိုတာကို ကျွန်တော်တို့ မသိနိုင်ဘူး။ ဒါပေမဲ့ယခုခေတ်သုံးဓာတ်မြေသြဇာများဟာ ဘေးထွက် ဆိုးကျိုးများတဲ့အတွက် ဆန်ပိုးတောင်မစားဘူးလို့ သိရပါတယ်။ ပိုးမထိုး၊ ပိုးမစားတဲ့ဆန်ဟာ လူကိုလည်းအနည်းနဲ့အများ အန္တရာယ် ပေးနိုင်ပါတယ်။ တရုတ်နိုင်ငံကနေ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ကျွန်တော် တို့နိုင်ငံထွက်ဆန်များ ဝယ်ယူတဲ့အခါမှာ ဆန်အရောင်လှတာ မလှတာထက် အော်ဂဲနစ်များတဲ့ဆန်ကိုသာဝယ်ယူကြကြောင်း သိရပါတယ်။ ရွှေဘို ၇၄၇ ဆန်အမျိုးအစားဟာ တရုတ်နိုင်ငံက အဝယ်အလိုက်ဆုံးဆန်ဖြစ်ပါတယ်။ ဒီဆန်များဟာ ဓာတုဓာတ် ကြွင်းပစ္စည်း နည်းတဲ့ဆန်အဖြစ် လက်ခံထားတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။
ပိုးသတ်ဆေးနဲ့မကင်းတဲ့ ဈေးထဲကဟင်းသီးဟင်းရွက်တွေ ယခုတစ်လော အိမ်ရှင်မများထံကနေ ကြားရတဲ့သတင်းတစ်ပုဒ် မှာ လတ်ဆတ်တဲ့မုန်ညင်းရွက် သတင်းပဲ ဖြစ်ပါတယ်။ ဈေးကနေ လတ်လတ်ဆတ်ဆတ်ဝယ်ယူတဲ့ ပိုးမကိုက်မုန်ညင်းရွက်ကို ချက်ပြုတ် ကြော်လှော်ဖို့ ရေအထပ်ထပ်ဆေးခဲ့သော်လည်း ပိုးသတ်ဆေးနံ့ မပျောက်တဲ့ သတင်းပဲဖြစ်ပါတယ်။ စိုက်ပျိုးတဲ့တောင်သူများက အရွက်များပိုးမကိုက်စေဖို့ ပိုးသတ်ဆေးခပ်ထူထူဖြန်းလိုက်တယ်လို့ ဆိုပါတယ်။ ဓာတုဗေဒပစ္စည်းပြင်းများဟာ အရွက်ထဲသို့စိမ့်ဝင်သွား ပြီး စားသုံးသူကိုအန္တရာယ်ပေးတာဖြစ်ပါတယ်။ မုန်ညင်းရွက်များရေနဲ့ ဆေးသော်လည်း ပိုးသတ်ဆေးရဲ့ဓာတ်ကြွင်းများတော်ရုံတန်ရုံနဲ့ ထွက်မသွားတာဖြစ်ပြီး အနံံ့ပါကျန်နေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။       အလွန်အန္တရာယ်များတဲ့ ဓာတုဓါတ်ကြင်းပါရှိနေတဲ့ အသီးအရွက် များ ဟာ လူကိုကင်ဆာရောဂါဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ ကုန်စိမ်းဈေးများမှမျှစ်အကြောင်းတင်ပြလိုပါတယ်။ မျှစ်ဟာ မြန်မာနိုင်ငံအနှံ့ တောတောင်များမှာ အများအပြားတွေ့ရှိနိုင်ပါ တယ်။ မျှစ်များရဲ့မူလအရောင်ဟာ အဝါရောင်ဟုအကြမ်းဖျဉ်းသတ် မှတ်လို့ရပါတယ်။ မျှင်မျှစ်ကျတော့အနီရောင်ဖြစ်ပြီး၊ ဝါးပိုးမျှစ်လိုစား ကောင်းတဲ့အတွက် မျှင်မျှစ်လည်းလူကြိုက်များလှပါတယ်။ ဝါးပိုးမျှစ် ဟာအလုံးကြီးတဲ့အတွက် အတုပြုလုပ်ဖို့မလွယ်ကူသော်လည်း မျှင်မျှစ်ကျတော့ အရောင်ကလွဲလို့ တုပပြုလုပ်ဖို့လွယ်ကူလှပါတယ်။ ဒါကြောင့် ရိုးရိုးမျှစ်များကို အရောင်ပြောင်းရုံနဲ့ မျှင်မျှစ်နဲ့အမြင်အား ဖြင့် တူနေတာဖြစ်ပါတယ်။ ဒီနေရာမှာအရောင်ကိုပြောင်းစေတဲ့ ဆိုးဆေးဟာစားသုံးသူကိုအန္တရာယ်ပေးနေတဲ့ အကြောင်း စားသုံး သူတိုင်း သတိထားမိမှာမဟုတ်ဘူး။ အရောင်ဆိုးဆေးကို ပရဆေး ဆိုင်များမှာ အလွယ် တကူဝယ်ယူလို့ရနေပြီး ၎င်း ဟာချည်ထည်များ အရောင်ဆိုးဖို့အသုံးပြုတဲ့ ဓာတုဗေဒဆေး တစ်မျိုးဖြစ်ပါတယ်။ ဒီဆေးဟာ Auramine- O နဲ့ Rhodamine -B များဖြစ်ပြီး အစာ အိမ်အူလမ်းကြောင်းရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ အာရုံကြောများ ထိုင်းမှိုင်းခြင်း၊ အသည်းနဲ့ကျောက်ကပ်ရောဂါဖြစ်စေခြင်း၊ ခန္ဓာကိုယ် ကြီးထွားမှုထိခိုက်စေခြင်းနဲ့ ကင်ဆာရောဂါဖြစ်စေနိုင်ကြောင်း ကျွမ်း ကျင်သူဆေးပညာရှင်များကဆိုပါတယ်။
အမဲသားလဲဆေးဆိုးကြ ဈေးမှာရောင်းတဲ့အမဲသားအကြောင်းလည်း တင်ပြလိုပါတယ်။  အမဲသားကိုကြာရှည်ထားရင် အရောင်၊ အနံ့များပြောင်းလဲပြီး တဖြည်းဖြည်းနဲ့ ပုပ်သိုးပျက်စီးခြင်းဘက်ကို ဦးတည်သွားလေ့ရှိပါ တယ်။ ဈေးများမှာ ကြာရှည်အထားခံဖို့၊ စားသုံးသူများမျက်စိလှည့် စားဖို့အနီရောင်ဆိုးဆေးတွေအသုံးပြုလာကြပါတယ်။ ဒီဆိုးဆေး များဟာ အသားနဲ့ထိတဲ့အချိန် အသားထဲစိမ့်ဝင်သွားပြီး ချက်ချင်းပျံ့ နှံ့သွားတယ်လို့ ပညာရှင်များကဆို ပါတယ်။ ရေနွေးနဲ့ ပြုတ်ပြီးဆေး ရင်တောင်မှ မသန့်ရှင်းနိုင်တော့ဘူးလို့ဆိုပါတယ်။ ဒီဆိုးဆေးများဟာ စားသုံးသူကို ကင်ဆာရောဂါအပါအဝင်လူကို အန္တရာယ်ပေးနိုင်တဲ့ ရောဂါပေါင်းများစွာ ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တင်ပြတဲ့ စားသောက်ကုန်ပစ္စည်းများဟာ နမူနာမျှ သာဖြစ်ပါတယ်။ ဒီထက်မကတဲ့ အန္တရာယ်ရှိစားသောက်ကုန်ပစ္စည်း များရှိနေဦးမှာဖြစ်ပါတယ်။ ထုတ်လုပ်သူနဲ့တင်ပို့ရောင်းချသူများရဲ့ အတ္တစိတ် ကြီးမားမှုများကြောင့် ဖြစ်ပွားလာတဲ့လှည့်စားမှုများ ပဲဖြစ်ပါတယ်။ ဘယ်သူသေသေငတေမာရင်ပြီးရော သဘောနဲ့ ထုတ်လုပ်ရောင်းချတဲ့အတွက်ကြောင့် အပြစ်မဲ့စားသုံးသူများအတိ ဒုက္ခရောက်ခဲ့ကြရပါတယ်။ သေချိန်မတိုင်သေး ဘဲသေဆုံးခဲ့ရတယ်။ ရောဂါမရသင့်ဘဲရခဲ့ရတာဖြစ်ပါတယ်။ ဆေးကုသစရိတ်ကြောင့် ဘဝတစ်လျှောက် လူလုံးမလှဖြစ်ခဲ့ရပါတယ်။ အားလုံးရဲ့ပြဿာနာ အရင်းအမြစ်ဟာ စားသုံးရန်မသင့်တဲ့စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေခြင်းကိုပဲ အပြစ်ပုံချလိုပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်း (၅) နိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတာရယ်၊ အရှေ့တောင် အာရှ နိုင်ငံများနဲ့ တရုတ်၊ အိန္ဒိယ၊ အာရှတိုက်ရှိအခြားနိုင်ငံများကို ဆက်စပ်ပေးတဲ့နိုင်ငံဖြစ်တာ ရယ်၊ မြေပေါ်မြေအောက် အဖိုးတန်သယံဇာတကုန်ကြမ်းပစ္စည်းများ ပေါများနေတာရယ်၊ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေ သေးတာတွေကြောင့် တရုတ်၊ ထိုင်း၊ အိန္ဒိယစတဲ့ နိုင်ငံတွေကနေ ကုန်ချော ပစ္စည်းများနဲ့ စားသောက်ကုန်ပစ္စည်း အများအပြား ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒီလိုဝင်ရောက်လာတဲ့ ကုန်ပစ္စည်း တွေဟာ ကျွန်တော်တို့အတွက် အသစ်အဆန်းဖြစ်နေတာတွေနဲ့ ဈေးသက်သာတာတွေကြောင့် ဒလဟောရောက်ရှိလာပါတယ်။ နောက်ပိုင်းမှာ ထုတ်လုပ်တဲ့သူက အမြတ်အစွန်းများများကျန်အောင် မူမမှန်တဲ့ကုန်ပစ္စည်းတွေနဲ့ရောပြီး ဝင်ရောက်လာတာတွေ ရှိလာတာ ဖြစ်တယ်။ ပြည်တွင်းကကုန်သည်အချို့ ကလည်း ဈေးသက်သာရင်ပြီး ရောဆိုပြီး တင်သွင်းလာတဲ့အခါမှာ ပြည်သူတွေကိုပဲတိုက်ရိုက်နစ်နာ ခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကိုဝင်ရောက်လာတဲ့ ကုန်ပစ္စည်း တွေထဲက စားသုံးဖို့နဲ့ အသုံးပြုဖို့မသင့်တဲ့ကုန်ပစ္စည်းတွေ နည်းလမ်း ပေါင်းစုံအသုံးပြုပြီး တရားမဝင် ဝင်ရောက်လာတာဖြစ်တယ်။ ၎င်းင်း မူမမှန်တဲ့ ကုန်ပစ္စည်းတွေကြောင့် နစ်နာသူဟာ ကျွန်တော်တို့ နိုင်ငံသားများသာ ဖြစ်ပါတယ်။ ပြည်တွင်းရှိ ထုတ်လုပ်သူ အချို့ဟာ စားသုံးသူအကျိုးကိုလစ်လျူရှုပြီး မူမမှန်တဲ့ကုန် ပစ္စည်းတွေ ထုတ်လုပ်လာကြတဲ့အတွက် စားသုံးသူပြည် သူများ နစ်နာခဲ့ရတာတွေလည်းရှိလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စားသုံးသူပြည်သူများ ကို အန္တရာယ်ပြုနေတဲ့ ကုန်ပစ္စည်းများပြည်ပမှ ဝင် ရောက်မလာဖို့ ကာကွယ်ပေးရမဲ့ တာဝန်ဟာ နိုင်ငံ သားတိုင်းနဲ့ တိုက်ရိုက်ပတ်သက်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းက မူမမှန်တဲ့ ကုန်ပစ္စည်း ထုတ်လုပ်မှုတားဆီးရေး လုပ်ငန်းဟာလည်း နိုင်ငံ သားတိုင်းနဲ့ တိုက်ရိုက်ပတ်သက်လာနေပြီလို့ တင်ပြလိုပါတယ်။ ဤတာဝန်တွေကို ပြည်သူ များနဲ့ ပြည်သူ့ဝန်ထမ်းများက နည်းလမ်း ကောင်းများရှာဖွေပြီး  တားဆီးထိန်းချုပ်ရေး လုပ်ငန်းများ  ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ပြည်သူ့ဝန်ထမ်း များက တစ်နိုင်တစ်ပိုင်  စားသုံးသူအကာ အကွယ်ပေးရေး လုပ်ငန်းများ ကို ဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ ဤလုပ်ငန်းဟာ ကျွန် တော်တို့ မြန်မာနိုင်ငံသားများရဲ့ မဖြစ်မနေ ဆောင်ရွက်ရမဲ့ သမိုင်းပေးတာဝန်တစ်ရပ်လို့ အသိပေးလိုက်ရပါတယ်။