တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေမှ မုံရွာခရိုင် အသေးစားကုန်ထုတ်ပံ့ပိုးချေးငွေ သုံးလအတွက် အတိုးသွင်း

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေမှ မုံရွာခရိုင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ ပံ့ပိုးချေးငွေကျပ်သိန်း ၁၁၀ ခွင့်ပြုခဲ့ရာ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်နဲ့ ကနီမြို့နယ်တို့မှ ဆီစက်လုပ်ငန်းရှင် သုံးဦးကို ဆီစက်အဆင့်မြှင့်တင်ရန်အတွက် တစ်ဦးကို ကျပ်သိန်း ၃၀ အား အတိုးနှုန်း သုည ဒသမ ၅၀ ပြားနှုန်းနဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက ထုတ်ချေးပေးခဲ့ရာ ယခုအခါ ပထမအရစ် ၃ လအတွက် အတိုးကျသင့်ငွေတစ်ဦးကို ၄၅၀၀၀ ကျပ်စီကို မုံရွာခရိုင် အသေးစားကုန်ထုတ် လုပ်ငန်းဘဏ်စာရင်းသို့ လာရောက်ပေးသွင်း ခဲ့ပါတယ်။

ထို့အတူ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေမှ ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာရှိ ရက်ကန်းလုပ်ငန်းရှင် ၄၀ ဦးအား တစ်ဦး ၅၀၀၀၀ ကျပ်နှုန်းနဲ့ အတိုး သုညဒသမ ၇၅ ပြားနှုန်းနဲ့ တစ်နှစ်ချေးငွေကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကတည်းက ထုတ်ချေးခဲ့ရာ လာမဲ့မတ်လဆန်းမှာ ၃ လအတွက် အတိုးကျသင့်ငွေများကို ခရိုင်အသေးစားကုန်ထုတ် လုပ်ငန်းဖွံ့ဖြိုးရေး ကော်မတီ အတွင်းရေးမှူးနဲ့အဖွဲ့မှ သွားရောက်နှိုးဆော်ကောက်ယူမှာဖြစ်တယ်လို့ သိရပါတယ်။မုံရွာခရိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေနဲ့  တိုင်းဒေသကြီး ဘဏ္ဍာ ရန်ပုံငွေများ စနစ်တကျ ထုတ်ချေးပြီးဖြစ်သကဲ့သို့ လုပ်ငန်းအလိုက် အတိုးအရင်း သတ်မှတ်ရက်အမီ ပေးသွင်းနိုင်ရေး ကြီးကြပ်ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။                                                                     ထွန်းလှိုင်-မုံရွာ