Main menu

Background

ပြည်ပဲဈေးကွက်မှာ ဖေဖော်ဝါရီနောက်ဆုံးပတ် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲပုပ်ဈေးမှာ ဈေးမြင့်လာခဲ့ပြီး၊ ပဲတီစိမ်းဈေးငြိမ်နေ

Wed, 03/06/2013 - 06:30 -- ydnar

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်ကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ မတ်ပဲအသစ်များအဝင်များလာသလို ကုလားပဲ၊ ပဲကြီး၊ ထောပတ်ပဲအသစ်များလည်း ဆက်တိုက် ဝင်ရောက် လာခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံကတော့ အဝင်မရှိသလောက်ဖြစ်ခဲ့ပြီး၊ ပဲစင်းငုံသီးနှံနဲ့ ပဲပုပ်သီးနှံမှာ ပဲအဝင်ပါးလာခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ ပဲသစ်များ အဝင်များလာလို့ ပဲဟောင်းလက်ကျန်များရှိခဲ့သော် လည်း ပဲသစ်များသာ ပိုအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ လှောင် လက်သမားများ ဝယ်ယူမှုရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်ယူလျက်ရှိတာကြောင့် ဈေးနှုန်းမှာ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ယခင်အပတ်ကထက် ဈေးပိုလာခဲ့ကာ ပဲသစ်အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် တစ်ရက်အိတ် ၂၀၀ - ၃၀၀ ခန့် ရောင်းဝယ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

ပဲတီစိမ်းသီးနှံမှာ ပဲအဝင်ပါးလာပြီဖြစ်တဲ့အတွက် ပဲလက် ကျန်များသာ အနည်းငယ်အရောင်းအဝယ်ဖြစ်ခဲ့ ကြပြီး၊ တစ်တင်း ၂၂၅၀၀ ကျပ်ဖြင့် ဖေဖော်ဝါရီလဆန်းမှစပြီး ဈေးအေးနေခဲ့ပါ တယ်။ ပဲစင်းငုံသီးနှံမှာ ပန်းတောင်း၊ ကံမမြို့နယ်များမှ အဝင်ရှိနေခဲ့ ပြီး၊ တစ်ရက်အိတ် ၁၅၀ ကျော်ခန့် ဝင်ရောက်လျက်ရှိပါတယ်။ ယခင်အပတ်ကအထိ ပဲစင်းငုံသစ်များ အိတ် ၅၀၀ ကျော် ဝင် ရောက်ခဲ့ကာ ပဲဈေးမှာလည်း တစ်တင်း ၁၉၈၀၀ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ ယခုအပတ်မှာတော့ ပဲအဝင်လည်း နည်း သွားခဲ့ပြီး၊ ပဲဈေးမှာ တစ်တင်း ၂၀၅၀၀ ကျပ်နဲ့ ဈေးပိုလာခဲ့ကာ ရန်ကုန်ဝယ်လက်အဝယ်ရှိတဲ့ရက်မှာ အိတ် ၄၀၀ ကျော်မှ ၅၀၀ ခန့်အထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲသစ်များ ပန်းတောင်း၊ ကံမ၊ အောင်လံမြို့နယ်ဘက် မှ နေ့စဉ်အိတ် ၃၀၀ ကျော်ဝင်ရောက် ခဲ့ပြီး၊ လှောင်လက်သမားနဲ့ ခွဲစက်သမားများ ပုံမှန်ဝယ်ယူနေကြသလို ရန်ကုန်ဝယ်လက်များ လည်း ဝယ်ယူလျက်ရှိနေတာကြောင့် တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခင်တတိယပတ်အထိ တစ်တင်း ၁၈၂၀၀ ကျပ်နဲ့ရောင်းဝယ်ခဲ့ရာမှ ယခုနောက်ဆုံးပတ်မှာ တစ်တင်း ၇၀၀ ကျပ်ခန့် ဈေးပြန်လျော့သွားခဲ့ တာကို တွေ့ရပါတယ်။ ပဲပုပ်ဈေးမှာတော့ ယခုနောက်ဆုံးပတ်မှာ တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ ယခင်အပတ်ကထက် ၅၀၀ ကျပ်ခန့် ဈေးပိုလာခဲ့ပါတယ်။ ပဲပုပ်သစ်များ ဈေးကွက်ကို အဝင်မရှိတော့ဘဲ လက်ကျန်ပဲများနဲ့ သာ လက်လီသမားများ ဝယ်ယူခဲ့သလို ရန်ကုန်ဝယ်လက်အဝယ် လိုက်တဲ့ရက်မှာ အိတ် ၅၀ ကျော်ရောင်းချမှုရှိခဲ့ပါ တယ်။ ပဲကြီးအသစ်များ ပန်းတောင်း၊ ဥသျှစ်ပင်၊ ကံမဘက်မှ နေ့စဉ် အိတ် ၅၀၀ ကျော် ဝင်ရောက်လျက်ရှိကာ ပဲဈေးမှာ (ရွှေကျွန်း) တစ်တင်း ၂၆၅၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၅၅၀၀ ကျပ်နဲ့ ပဲ အဝင်များလို့ ဈေးလျော့ သွား ခဲ့တာကိုတွေ့ရပါတယ်။ ပဲဟောင်း များမှာ တစ်တင်း ၃၅၀၀၀ ကျပ်အထက်မှာ ပဲလက်ကျန်ပြတ်သွား ခဲ့ပြီး၊ ပဲသစ်ဈေးမှာတော့ ပဲဟောင်းဈေးထက် တစ်တင်း ၁၀၀၀၀ ကျပ်နီးပါးဈေးလျော့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်