မူဆယ်ဈေးကွက်မှာ မင်းခေါင်ရွာထွက် ဖရဲသခွား ဝယ်လိုအားကောင်းနေ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ချောင်းဦးမြို့နယ်က မင်းခေါင်ရွာနဲ့အနီးတစ်ဝိုက်မှာစိုက်ပျိုးခဲ့ကြတဲ့ အစေ့မဲ့ ဖရဲ၊ ဖရဲသခွားနဲ့ ရွှေသခွားမွှေးတွေ မတ်လ ပထမပတ်အတွင်း မူဆယ်ကို တင်ပို့ရောင်းချခဲ့ကြရာ စိုက်ပျိုးသူ အကြိုက် ဈေး ကောင်းရခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဒေသထွက် သစ်သီးဝလံတွေက ဇန်နဝါရီလက စဈေးကွက် တင်ပို့ခဲ့ရာ ယခု မတ်လဆန်းအထိ တင်ပို့မှုအားကောင်းနေတယ်လို့ ဆိုပါတယ်။ ယခုအပတ်ထဲမှာ မင်းခေါင်ရွာ ဝန်းကျင်က ရွှေသခွားမွှေးနဲ့ ဖရဲသခွားများ မူဆယ်ကို နေ့စဉ် ၁၀ တန်ကား ၁၀ စီးခန့် ပုံမှန်တင်ပို့လျက်ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး သစ်သီးဝလံ အသင်း ဒုဥက္ကဋ္ဌဖြစ်သူ မင်းခေါင်ရွာ သခွားမွှေးစိုက်ပျိုးသူ ဦးစောမြင့် က ပြောပါတယ်။ လောလောဆယ် မူဆယ်ဈေး ကွက်မှာ ရွှေသခွားမွှေး တစ်ကီလို ၅ ဒသမ ၅ ယွမ်နှုန်း ဖရဲသခွား တစ်ကီလို ၆ ယွမ်ခန့် ရရှိလို့ စိုက်ပျိုးသူ တောင်သူများ တွက်ခြေကိုက်နေတယ်လို့ သိရပါတယ်။
အစေ့မဲ့ ဖရဲဈေးကွက်မှာတော့ ယခုနှစ်မှာ ရေစကြိုနယ်ဘက်မှာ စမ်းသပ်စိုက်ပျိုးတဲ့ မင်းခေါင်ရွာက ဦးသန်းဦး အနေနဲ့ မူဆယ်ဈေးကွက်ကို တစ်ရက်ခြား တင်ပို့လျက်ရှိရာ တစ်ရက်ကား တစ်စီး ၁၅ တန်ခန့် တင်ပို့နေ ကြောင်း နဲ့ ပေါက်ဈေးအနေနဲ့ တစ်ကီလို ၄ ယွမ်မှ ၄ ဒသမ ၅ ယွမ်ရရှိကြောင်း သိရပါတယ်။ချောင်းဦးမြို့နယ် မင်းခေါင်ရွာပတ်ဝန်းကျင်မှာ စိုက်ပျိုးပြီး သစ်သီးဝလံဧကတွေအနက် ရွှေသခွားမွှေး ၃ ပုံ ၂ ပုံခန့် ကျန်ရှိနေသလို အစေ့မဲ့ဖရဲ ဧက ၄၀ စိုက်တဲ့အနက် ၁၀ ဧက ခူးဆွတ်ဖို့ ကျန်နေသလို ဖရဲသခွားအနေနဲ့ ဧက ၅၀၀ ခန့် ခူးဆွတ်တင်ပို့ဖို့ ကျန်နေပြီး၊ လာမယ့် ဧပြီလလယ်ခန့်အထိ သခွားမွှေး၊ ဖရဲနဲ့ အစေ့မဲ့ ဖရဲများ တင်ပို့နိုင်မယ် လို့ တောင်သူတွေ ပြောပြလို့ သိရပါတယ်။ ထွန်းလှိုင်-မုံရွာ
