ဖျာပုံ-ဒေးဒရဲ-ရန်ကုန်ကို ပြေးဆွဲပေးမည့် ကားလေးအမြန်ယာဉ် "ရတနာ အငှားယာဉ်" အသင်း လိုင်းသစ် တစ်ခု ဖေဖော်ဝါရီလ နောက်ဆုံးပတ်က စတင်တိုး ချဲ့ပြေးဆွဲပေးနေကြောင်း သိရပါတယ်။
ဖျာပုံ-ဒေးဒရဲ-ဒလသို့ ပြေးဆွဲနေတဲ့ ကားလေးအငှားယာဉ်များ၊ လိုင်းကားကြီး များရှိပြီး၊ ဖျာပုံ-မအူပင်-လှိုင်သာယာကို လည်း သမာဓိလေအိတ်ကားကြီးများအပြင်၊ TownAce, Super Custom ကားများဖြင့် ပုံမှန်ပြေးဆွဲလျက်ရှိပါတယ်။ ယခုအခါ "ရတနာ အငှားယာဉ်" ကားလေး အမြန်ယာဉ်လိုင်းသစ်ဖြင့် ဖျာပုံ၊ ဒေးဒရဲ၊ ရန်ကုန်ခရီးစဉ်ကို တိုးချဲ့ပြီး ထပ်မံဆွဲပေးနေတဲ့အတွက် ခရီးသွားများအား မေးမြန်းကြည့်ရာ"ရတနာ အငှားယာဉ်အသင်းတိုးချဲ့ဆွဲပေးတာ ခရီးသွားများ အတွက်သိပ်ကောင်းပါတယ်။ ဖျာပုံကလှိုင်သာယာအထိ၊ ဖျာပုံက ဒလအထိ ကား တွေပဲရှိပါတယ်။ အခု ရတနာအငှားယာဉ်က ရန်ကုန်မြို့ထဲ ၉ လမ်းအထိ ဂိတ်ဆုံး ဆိုတော့ အဆင်ပြေတာပေါ့။ လှိုင်သာယာကနေ မြို့ထဲသွားချင်ရင် ၂ နာရီ - ၃ နာရီကြာအောင် လိုင်းကားစီးနေရတယ်။ ကားငှားစီးရင်လည်း ကျပ် ၃၀၀၀-၄၀၀၀ ပေးရတယ်။ အခု ရတနာ အငှားယာဉ်က မြို့ထဲဆင်းချင်တဲ့နေရာ ဆင်းလို့ရတယ်။ ကားခကလည်း ဖျာပုံ-ဒလ အငှားယာဉ်နှုန်းထားအတိုင်းပဲ၊ ခရီးသည် ခုနစ်ဦးထက် ပိုမတင်ဘူး။ ခေါင်းခန်းကို ကျပ် ၆၀၀၀ ၊ အလယ်ခန်း တစ်ဦးကို ကျပ် ၅၀၀၀၊ နောက်ဖုံးတစ်ဦးကို ကျပ် ၂၀၀၀၊ ကားတစ်စီးလုံး ဖျာပုံ-ရန်ကုန်ကို အော်ဒါငှားရင် ကျပ် ၂၇၀၀၀ ပေးရပါတယ်"လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။လတ်တလော ရတနာ အငှားယာဉ်မှ ကားငယ် အမြန်ယာဉ် ခုနစ်စီးနဲ့ စတင် ပြေးဆွဲနေပြီး ကားအစီးရေ ထပ်မံတိုးချဲ့ပေးသွားမှာဖြစ်ကြောင်း ကားအသင်းမှ တာဝန်ရှိ သူတစ်ဦးက ဆိုပါတယ်။ မင်းဇော်မွန်-ဖျာပုံ
