မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်စခန်းမှ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်း မှာ ကန်ဒေါ်လာ ၂ ဒသမ ၂၁၇ သန်းတန်ဖိုးရှိ ဖရဲသီး ၁၄၇၀၄ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၆၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ ဖရဲသီးများဈေးကောင်းရရှိလာပြီး ဖရဲတစ်တန် လျှင် ယွမ် ၃၅၀၀-၄၀၀၀ အထိ ရရှိတယ်လို့ ဖရဲတင်ပို့သူ ကုန်သည်များထံမှ သိရပါတယ်။ ပဲခူးတိုင်း ဒေသကြီး၊ ပြွန်တန်ဆာမြို့နဲ့ ကျောက်ဆည်နယ်၊ မုံရွာနယ်တစ်ဝိုက်မှ ဖရဲ တွေဝင်နေတာဖြစ်ပါတယ်။
ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၈၁၁ သန်း တန်ဖိုးရှိ သခွားမွှေး ၃၈၈၆ တန် တင်ပို့ခဲ့တာမို့ ယခင် အပတ်ကထက် ၁၁၃၃ တန် ပိုမိုခဲ့ပါတယ်။ မိတ္ထီလာ၊ဝမ်းတွင်း ဖက်မှ သခွားမွှေးများ ဝင်နေတာဖြစ်ပြီး ပိုက်ကွက် သခွှွားမွှေး တစ်ကီလိုလျှင် ၃ ဒသမ ၅ ယွမ်မှ ၃ ဒသမ ၈ ယွမ်ထိ ဈေး ပေါက်တယ်လို့ သိရပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်းတန်ဖိုးရှိ ဆီးသီး ၁၇၁ တန်ကို ယခုအပတ်တင်ပို့ခဲ့ရာ ယခင်အပတ်က ထက် ၁၅ တန်ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ ဆီးသီးတစ်ကီလို ဈေးကတော့ ၄ ယွမ်မှ ၅ ယွမ်ထိ ဈေးရတယ်လို့ မူဆယ် ၁၀၅ မိုင်စခန်းမှ သတင်းရရှိပါတယ်။MIRT (DOBT)