ဒီတစ်ပတ်တော့ ချင်း(ခြောက်)က Export ရှိတာကြောင့် အတော်လေး အရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက်တွေနဲ့ ရန်ကုန် ဝယ်လက်တွေ ဝယ်ယူမှုရှိတာကြောင့် တစ်ပတ်အတွင်း ချင်းခြောက် ပိဿာချိန် တန် ၈၀ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ တရုတ်ကို တန် ၇၀ နဲ့ထိုင်းကို ၁၀ တန် တင်ပို့ခဲ့ရတယ်လို့ သိရှိရပါတယ်။ အောင်ပန်းကနေ မန္တလေးအရောက် တစ်ပိဿာ ၁၃၅၀ ကျပ်ဈေးရှိပြီး၊ ကားတင်ခကတော့ တစ်ပိဿာ ၂၅ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။
ချင်း(စို)ကတော့ Export ဆွဲတာနည်းပြီး၊ ပြည်တွင်းသုံးအတွက်သာ ဝယ်လို အားများနေပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာစတဲ့ မြို့တွေက အဝယ်များ လာတာကြောင့် သူလည်းတစ်ပတ်အတွင်း တန် ၁၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ နထစသမအ အနေနဲ့ ပါကစ္စတန်ကို တန် ၈၀ ခန့် တင်ပို့ခဲ့ရတယ်လို့ အောင်ပန်းမြို့က ချင်းကုန်သည်တွေထံက သိရပါတယ်။ ဒီတစ်ပတ် ချင်း(စို)ဈေးကတော့ မြေနီချင်း ကြီးက ၃၀၀ ကျပ် - ၃၅၀ ကျပ်၊ မြေဝါချင်းက ၂၇၀ ကျပ် - ၂၈၀ ကျပ်၊ မြေဖြူ ချင်းကတော့ ၂၄၀ ကျပ် - ၂၅၀ ကျပ်ဈေးရှိပါတယ်။ မျိုးချန်ပြီးတဲ့ အခက်ကြီး(လှ) တွေကတော့ (လတ်စ)တစ်ပိဿာကို ၂၀၀ ကျပ် - ၂၂၀ ကျပ်ဈေးရှိပြီး၊ ပယ်ချင်း တွေကိုတော့ ချင်းခြောက်ပြုလုပ်ဖို့ အတွက် ၁၇၀ ကျပ် - ၁၈၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဧဧခိုင် - တောင်ကြီး