Main menu

Background

နယ်စုံက အဝင်များလို့ ဈေးကျသွားတဲ့ ဆောင်းကြက်သွန်နီ

Mon, 04/08/2013 - 10:34 -- ydnar

မုံရွာမြို့နယ်ရဲ့ ဆောင်းကြက်သွန်နီတွေ မတ်လဆန်းထဲ က တူးဖော်ခဲ့ကြပြီ၊ ယနေ့အထိ မုံရွာကြက်သွန်ပွဲရုံ တွေဆီ အဆက်မပြတ်နေ့စဉ် လာရောက်ရောင်းချမှုအားကောင်းလာ တယ်လို့ ပွဲရုံရပ်ကွက်က ပြောပါတယ်။ အသစ်ပေါ်လာစက တစ်ပိဿာ ၃၀၀ ကျပ် ဝန်းကျင်ရှိပေမယ့် အခုလို ပွဲရုံအဝင် များလာချိန်မှာ တစ်ပိဿာ ၂၄၀ ကျပ် - ၂၅၀ ကျပ် - ၂၆၀ ကျပ်နှုန်းများနဲ့ ကြက်သွန်ဥအရွယ်အစားအပေါ်မူတည် ပြီး၊ ဈေးအနိမ့်အမြင့်ခွာကာ ဒိုင်ဈေးဖြတ်ကြတယ်လို့ ကြက် သွန်တောင်သူက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဈေးကောင်းရခဲ့ကြလို့ မုံရွာနယ်တစ်ဝိုက် မှာ ဧကတိုးချဲ့စိုက်ပျိုးခဲ့ကြရာမနှစ်ကထက်စိုက်ဧက ထက်ဝက် ခန့်တိုးပြီး၊ဧကတစ်သောင်းနီးပါးရှိခဲ့တယ်လို့တောင်သူအသိုင်း အဝန်းကပြောပါတယ်။ ယခုအခါ မုံရွာ မြို့နယ်ရဲ့ ကြက်သွန် နီအဓိက စိုက်ပျိုးရာ ကျေးရွာများဖြစ်ကြတဲ့ ကျွဲရဲ ၊ အက် တော၊ မြေနဲ၊ အောင်သာ၊ ထနောင်းတော စတဲ့ နယ်တွေက နေ့စဉ်တူးဖော်ကာ မုံရွာကြက်သွန်ပွဲရုံတွေဆီ လာရောက် ရောင်းချမှုကြောင့် ပွဲရုံတွေမှာ စုပုံနေကာ ယခုအချိန်အထိ မန္တလေးကိုတင်ပို့ရခြင်းမရှိသေးတဲ့အတွက် သိုလှောင်မှုအခက် အခဲတွေရှိနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခုပေါက်ဈေးမှာ ဒီနှစ်ဆောင်းကြက်သွန်နီ စိုက် စရိတ်အရ တစ်ပိဿာ အနိမ့်ဆုံး ၂၀၀ ကျပ်ဝန်းကျင် ရှိလို့ တောင်သူတွေအနေနဲ့ အကျိုးအမြတ်နည်းပါးကာ စိုက်ရကျိုး မနပ်ဘူးလို့ ညည်းညူသံတွေကြားရပါတယ်။ မုံရွာနယ်နဲ့ တစ်ကွ အထက်မြန်မာပြည်ရှိ ကြက်သွန်နီ အဓိကစိုက်ပျိုးဖြစ် ထွန်းရာ မန္တလေးတိုင်း၊ မကွေးတိုင်းတွေမှာ လည်း ယခုလို အချိန်မှာ တူးဖော်နေကြတဲ့အတွက် ပြည်တွင်းဈေးကွက်မှာ စုပုံပြီး ကျဈေးနဲ့ ကြုံနေရတာဖြစ်တဲ့ အတွက် ပြည်ပဈေးကွက် ပွင့်ခဲ့ရင် ဒီအခြေအနေက လွတ်ကင်းနိုင်မယ်လို့ ကြက်သွန် တောင်သူ များ မျှော်လင့်တွေးဆနေတာ ကြားသိရပါတယ်။ထွန်းလှိုင် - မုံရွာ