ဒေသအလိုက်ထူးခြားစွာစိုက်ပျိုးတဲ့ မျောက်ငိုသီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်နဲ့ တမူးမြို့နယ်များမှာ ထူးခြားစွာစိုက်ပျိုးတဲ့ဒေသအစားအစာ သီးနှံပင် မှာ မျောက်ငိုသီးပင်ဖြစ်ပါတယ်။ မျောက်ငိုသီးပင်ကို ကလေးမြို့နယ်မှာ ဧက ၂၂၀ ကျော်၊ တမူးမြို့နယ်မှာ ဧက ၄၁၀ ကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ မျောက်ငိုသီးပင်မှာ နှစ်ရှည်ပင်အမျိုးအစားဖြစ်လို့ အပင်သက် ၅ နှစ် မှာ စတင်အသီး သီးပါတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့မှာ အသီးထွက်ပေါ်ပြီး အပင်အကြီး၊ အသေးနဲ့ အသီးထွက်ရှိမှုအပေါ် မူတည်ပြီး၊ အပင်ပြတ် တစ်ပင်ကို ကျပ် ၂ သောင်း၊ ကျပ် ၅ သောင်း၊ တစ်သိန်းကျပ်အထိ ဈေးအသီးသီးနဲ့ လက်ကားသမားများက ဝယ်ယူကြပါတယ်။

ကလေးမြို့နယ်နဲ့ တမူးမြို့နယ်များရှိ ဈေးအသီးသီးမှာ အသီးတစ်တောင့် ၅၀ ကျပ်၊ ၆၀ ကျပ်၊ ၇၀ ကျပ် ဈေးနှုန်းများနဲ့ လက်လီသမားများက ရောင်းချလျက်ရှိပါတယ်။ မျောက်ငိုသီးရဲ့အရသာမှာ တညင်းသီးအရသာနဲ့ တူပြီး ကလေး၊ တမူး၊ ကလေးဝ၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ မင်းကင်းမြို့နယ်များရှိ ဒေသခံပြည်သူများ ကြိုက်နှစ်သက်ရာဒေသ အစားအစာ ဟင်းတစ်မယ်တစ်မျိုးဖြစ်တဲ့အပြင် အိန္ဒိယနိုင်ငံရှိ ကသဲလူမျိုးများက ကြိုက်နှစ် သက်ကြလို့ တမူးမြို့နယ်၊ နန်းဖာလုံဈေးမှာ ပုံမှန်ဈေးကွက်ရှိတဲ့ အမယ်သစ်ပို့ကုန်သီးနှံဖြစ်ကြောင်းသိရပါတယ်။
သန်းသန်းတင်-ကလေး