Main menu

Background

အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် မြန်မာပဲစင်းငုံနီ၊ မတ်ပဲဈေးငြိမ်နေ၊ နွေဦးပွဲတော်ကြောင့် ဈေးကွက်အများစုပိတ်

Tue, 04/09/2013 - 10:19 -- ydnar

အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ယခုရက်ပိုင်းအတွင်း မြန်မာပဲစင်းငုံနီ၊ မတ်ပဲများကို ပဲခွဲစက်နှင့် ကုန်သည် များ ဈေးကွက်မှ ဝယ်ယူမှုနည်းနေ၍ ဈေးတည်ငြိမ်နေပါတယ်။ မတ်လ ၂၇ ရက်နေ့မှာ နွေဦးပွဲတော်ကြောင့် မွန်ဘိုင်းဈေး ကွက်ပိတ်ခဲ့ပြီး ရာဂျက်စသန်၊ ကာနာတာကာ၊ မဟာသျှတ္တရ၊ မဒ္ဒရာပရာဒေ့ရှ်၊ ဂူဂျာရတ်နဲ့ ဥတာပရာဒက်ရှ်ပြည်နယ်များရှိ လက်ငင်းဈေးကွက်များလည်း ပွဲတော်ကြောင့် ပိတ်ထားပါ တယ်။ ဒေလီ လက်ငင်း ဈေးကွက်မှာတော့ အဝယ်နည်းလို့ ကုလားပဲဈေးကျနေပါတယ်။ လတ္တာပြည်တွင်းဈေး ကွက်မှာ လည်း အဝယ်နည်းနေတဲ့အတွက် ဈေးပုံမှန်ရှိနေကြောင်း သိရ ပါတယ်။

ပဲဈေးနှုန်းများတည်ငြိမ်ရေးနှင့် ရောင်းချမှုကို အားပေး ရန် အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ် မတ်လ အထိ ပဲမျိုးစုံတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့် ဆက် လက်ခွင့်ပြုထားဖွယ်ရှိကြောင်း၊ လက်ရှိပဲမျိုးစုံအပေါ် အခွန် ကင်းလွတ်ခွင့်ပြုထားသည့်ကာလမှာ ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ပြီးဆုံးပြီဖြစ်ကြောင်း သတင်းရရှိ ပါတယ်။ တရားဝင်သတင်းအချက်အလက်များအရ ပြီးခဲ့သည့် ဘဏ္ဍာ နှစ်တွင် အိန္ဒိယပဲတင်သွင်းမှုက တန်ချိန် ၃ ဒသမ ၃၁ သန်း၊ တန်ဖိုး ၁၈၂၁ ဒသမ ၉၅ ဒေါ်လာသန်းအထိ တင်သွင်းခဲ့ပြီး ၂၃ ရာခိုင်နှုန်းတိုးမြှင့်တင်သွင်းခဲ့ကြောင်းသိရပါတယ်။ အိန္ဒိယ အစိုးရအနေဖြင့် ပဲမျိုးစုံတင်ပို့မှု ပိတ်ပင်ထားသည့် သက်တမ်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့် ခဲ့ကြောင်း၊ သို့သော် ကာဘူလီကုလား ပဲနှင့် အော်ဂဲနစ်ပဲမျိုးစုံ နှင့် ပဲရာဇာတင်ပို့မှုကိုမူ ခွင့်ပြုထားကြောင်း၊ ခွင့်ပြုရာတွင် လည်း တစ်နှစ်တွင် တန်ချိန် ၁၀၀၀၀ သာ အမြင့်ဆုံး ခွင့်ပြု ထားကြောင်း သတင်းရရှိပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းကို မြန်မာပဲစင်းငုံကွန်တိန်နာ ၁၀၅ လုံး၊ မြေထောက်ပဲ ၈ လုံး၊ မိုဇမ်ဘစ်ပဲစင်းငုံ ၅၄ လုံး၊ ပဲစင်း ငုံခွဲခြမ်း ၁၄ လုံး၊ မြန်မာမတ်ပဲ ၄၈ လုံး၊ ပဲတီစိမ်း ၁၅ လုံး၊ တန်ဇန်းနီးယားပဲတီစိမ်း ၄ လုံး၊ ကင်ညာပဲတီစိမ်း ၅ လုံး၊ တရုတ်မြေထောက်ပဲ ၅၈ လုံး၊ သြစတြေးလျပဲရာဇာ ၁၀ လုံး၊ ကနေဒါပဲရာဇာ ၇ လုံးဝင်ရောက်ခဲ့ပါတယ်။ ချန်နိုင်းဆိပ်ကမ်းကို မတ်ပဲကွန်တိန်နာ ၄၈၄ လုံး၊ ပဲစင်းငုံနီ ၂၁ လုံး၊ ပဲတီစိမ်း ၇၁ လုံး၊ ပဲရာဇာ ၇ လုံး၊ ပဲဝါလေး ၁၄ လုံး၊ ကုလားပဲ ၃ လုံး၊ ပဲလုံးစိမ်း ၉ လုံးနဲ့ ပဲလွန်း ၉ လုံး၊ ပဲလွန်းဖြူ ၁၅ လုံးဝင်ရောက်လာခဲ့ပါတယ်။ ဂူဂျာရတ်ပြည်နယ်မှာ နွေပဲများ စတင်စိုက်ပျိုးနေပြီ ဖြစ်ပြီး ပြည်နယ်စိုက်ပျိုးရေးဌာနရဲ့ စာရင်းအရ ၂၀၁၃ မတ်လ ၁၈ ရက်နေ့အထိ ပဲတီစိမ်းဟက်တာ ၁၆၄၀၀ စိုက်ပျိုးပြီးစီးပြီး ယခင်နှစ် ကာလတူက ဟက်တာ ၃၀၃၀၀ ဟက်တာ စိုက်ပျိုး ခဲ့ကြောင်း သိရပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၃ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဆောင်းပဲမျိုးစုံ စိုက် ဧရိယာမှာ ၁၅၀ ဒသမ ၈၂ ဟက်တာသိန်းဖြစ်ပြီး မနှစ်ကစိုက် ဧရိယာမှာ ဟက်တာ ၁၄၇ ဒသမ ၄၆ သိန်းဖြစ်ကြောင်း၊ ဟက်တာ ကုလားပဲစိုက်ဧရိယာမှာလည်း ယခင်နှစ်ဧရိယာ ဟက်တာ ၈၉ ဒသမ ၉၅ သိန်းထက် ပိုတိုးလာပြီး ၉၄ ဒသမ ၉၉ သိန်းထိ စိုက်ပျိုးခဲ့တယ်လို့ သတင်းရရှိပါတယ်။နှင်းဧကရီ