ယခုတစ်ပတ်အတွင်း ပဲကုန်သည်အများစုမှာ ပစ္စည်းလှောင်မှုနှောင့်နှေးနေလို့၊ ကုန်စည်ဒိုင်အချို့မှာ အရောင်းအဝယ်အေးနေကြောင်း သိရပါတယ်။ မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း အလုပ်အမှုဆောင် ဦးဌေးက "အခုတစ်ပတ်အတွင်း မကွေးဒိုင်မှာ အရောင်းအဝယ် ရပ်လုနီးပါးဖြစ်သွားတယ်။ မန္တလေးဒိုင်က မိတ္ထီလာ၊ ပျော်ဘွယ်၊ မကွေးဘက်က ပဲကို အဓိကထား ဝယ်ယူမှုရှိ တော့ လှောင်လက်တွေကလည်း အခြေအနေ စောင့်ကြည့်နေတဲ့အတွက် အရောင်း အဝယ်မဖြစ်ဘဲ အေးနေတာကြောင့် ဈေးနှုန်းလည်း ကျလာတယ်။ အခုအချိန်က တောင်သူလက်ထဲမှာ ပစ္စည်းလက်ကျန်ကုန်နေတဲ့အချိန်ဖြစ်ပြီး၊ ဝယ်လက်အချင်း ချင်း လှောင်မယ့် သူလောက်ပဲ ဝယ်ယူတဲ့အချိန်ဖြစ်တယ်။ ကုန်သည်တွေက မလှောင်သေးဘဲ အခြေအနေကြည့်နေ တာကြောင့် မန္တလေးမှာပါ အရောင်း အဝယ်အေးလာတယ် "လို့ပြောပါတယ်။
မန္တလေးဒိုင်သို့ မိတ္ထီလာ၊ ပျော်ဘွယ်၊ မကွေးကုန်စည်ဒိုင်များမှ ကုလားပဲကို ယခု အချိန်အများဆုံး ဝယ်ယူမှု ရှိကြောင်းသိရပါတယ်။ မတ်လ ၂၈ ရက်နေ့က ကုလားပဲ V2 တစ်အိတ်ကို ၅၃၅၀၀ ကျပ်ရှိရာမှ ၂၉ ရက်နေ့တွင် ၅၂၅၀၀ ကျပ်သို့ ကျပ် ၁၀၀၀ ကျဆင်းလာတယ်။ ယခုနှစ်အတွင်း ကုလားပဲထိုင်ဝမ် ၅၅၀၀၀ ကျပ်၊ V2 က ၅၆၀၀၀ ကျပ်နဲ့ အမြင့်ဆုံးဈေးကို ရောက်ရှိခဲ့ပြီး အနိမ့်ဆုံးဈေးမှာ ကုလားပဲ ထိုင်ဝမ် ၄၈၀၀၀ ကျပ်၊ V2 ၄၉၀၀၀ ကျပ်ကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး