Main menu

Background

ရာသီမှန်အထွက်နှုန်းကောင်းပေမယ့် လက်ခမောင်းမခတ်နိုင်တဲ့ ကြက်သွန်တောင်သူ

Tue, 04/09/2013 - 10:35 -- ydnar

မနှစ်က ဆောင်းကြက်သွန်နီ တူးဖော်ချိန်မှာ တစ်ပိဿာ ၃၅၀ ကျပ်မှ ၄၀၀ ကျပ်ထိ ဈေးကောင်းရ တွက်ခြေကိုက်ခဲ့လို့ ပြီးခဲ့တဲ့ စိုက်ပျိုးရာသီမှာ မုံရွာတစ်နယ်လုံးက ကြက်သွန် တောင်သူတွေ ဈေးကွက်မျှော်လင့်ချက် နဲ့ အားတတ်သရော၊ ဧကတိုးချဲ့စိုက်ခဲ့ကြပါတယ်။ ရာသီဥတုကလည်း မိုးလေကင်း လို့ ယခုနှစ် အထွက်နှုန်းက တစ်ဧက ၄၅၀၀ ပိဿာခန့်ကနေ ၈၀၀၀ ထိ ထွက်တယ်လို့ မြေနဲကျေးရွာက ကြက်သွန်တောင် သူ ဦးစိုးညွန့်က ပြော ပါတယ်။ ကြက်သွန်နီရဲ့ ထွက်နှုန်းဟာ မျိုး၊ မြေ၊ ရေနဲ့ ပံ့ပိုးပစ္စည်းအသုံးပေါ်မူတည်ပြီး၊ တစ်နယ်နဲ့ တစ်နယ်  တစ်ဦးနဲ့ တစ်ဦး ပမာဏမတူညီနိုင်သလို ကျွဲရဲ ကျေးရွာဘက်က အင်းမြေကွင်းလို သဘာဝမြေဆီမြေနှစ် ကောင်းတဲ့ ယာမှာ တစ်ဧက ပိဿာ ၈၀၀၀ ထိ ထွက်ခဲ့တယ် လို့ ဆိုပါတယ်။

ယခုနှစ် ကြက်သွန်နီ စိုက်ပျိုးစရိတ်ဟာ ဥ အထွက်ပေါ် မူတည်ပြီး၊ တစ်ပိဿာ ၁၅၀ ကျပ်ခန့်ကနေ ၂၀၀ ကျပ်ထိ ကုန်ကျတယ်လို့ဆိုပါတယ်။ လောလောဆယ် မုံရွာကြက်သွန် ပွဲရုံရဲ့ ဒိုင်ဖြတ်ဈေးက ပွဲခ၊ အိတ်ဖိုးနဲ့ လုပ်သားခ နှုတ်ပြီး တစ်ပိဿာ ၂၀၀ ကျပ် ဝန်းကျင်သာရှိလို့ ကြက်သွန်သာမက တောင်သူတွေပါ မျက်နှာနီနေပြီလို့ တောင်သူတွေ တင်စား ပြောရတဲ့အထိ တွက်ခြေကိုက်မှုမရှိဘူးလို့ သိရပါတယ်။ မုံရွာမြို့ပေါ်က ပွဲစားတွေအနေနဲ့ လာရောင်းသမျှ မိတ် ဆွေတောင်သူတွေရဲ့ ကြက်သွန်နီတွေ ငွေချေနိုင်ဖို့ ငွေဖော် တဲ့အနေနဲ့ ရန်ကုန်ကို တစ်ပိဿာ ၁၀ ကျပ် - ၁၅ ကျပ် အရှုံးခံပြီး တင်ပို့ခဲ့ကြရတယ်လို့ ဆိုပါတယ်။ ယခုလို ဈေးကွက် မကောင်းပေမယ့် မိမိကြက်သွန်ခင်း မိုးလေ မမိရအောင် ယခုအခါမုံရွာနယ်တစ်ဝိုက်မှာ တောင်သူ တွေ အားစိုက် တူး ဖော်နေကြရာ စိုက်ဧကရဲ့ ထက်ဝက်နီးပါးပြီးစီးပြီလို့ တောင် သူတွေက ပြောပါတယ်။ ထွန်းလှိုင် - မုံရွာ