ယခုတစ်ပတ်အတွင်း ငွေကြေးဈေးကွက်အတွင်း၌ ငွေလဲနှုန်းများ တည်ငြိမ် လျက်ရှိကြောင်း သိရသည်။ နိုင်ငံခြားငွေ လက်မှတ်(အက်ဖ်အီးစီ) တို့ကိုလည်း ဧပြီ ၁ရက်မှစတင်ကာ ပြန်လည်ရုပ်သိမ်းတော့မည်ဖြစ် ရာ ငွေကြေးဈေးကွက် အတွင်း အမေရိကန် ဒေါ်လာတစ်မျိုးတည်းကိုသာ မြင်တွေ့ရတော့မည်ဖြစ်သည်။ အမေရိ ကန်ဒေါ်လာ လဲလှယ်နှုန်း များသည်လည်း ယခင်ရက်သတ္တပတ်များက လှုပ်လှုပ် ခတ်ခတ်ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်တွင် မူ ပြန်လည်ငြိမ် သက်လျက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ထို့ပြင် ပြင်ပငွေဈေးကွက်မှ ငွေလဲနှုန်းများနှင့် ငွေလဲစင်တာများအတွင်းရှိ ငွေလဲနှုန်းတို့မှာ ကွာဟမှုမရှိသည့် အတွက် ငွေလဲလိုသူများမှာ ငွေလဲစင်တာများ သို့သာ သွားရောက်၍ လဲလှယ်လျက်ရှိကြကြောင်း သိရသည်။'ဒီတစ်ပတ်မှာတော့ငွေဈေးက ပြန်ပြီးတည်ငြိမ်သွားပြီ။ ကျွန်တော်တို့ အပြင် ဈေးကွက်မှာတော့ ရောင်းဈေးက ၈၈၇ ကျပ်၊ ဝယ်ဈေးက ၈၈၄ ကျပ်ဆိုတော့ စင်တာဈေးနဲ့ သိပ်မကွာဘူး။ အရင်ငွေဈေးတွေတက်တုန်းက ကျွန်တော်တို့ အပြင် က ဈေးပိုပေးတော့ ဒီမှာပဲ လာရောင်းကြတယ်။ အခုတော့ ရောင်းဈေးက ကျွန် တော်တို့ဈေးနဲ့ စင်တာဈေးက အတူတူပဲ။ ဝယ်ဈေးမှာသာကွာသွားတာ။ အက်ဖ်အီးစီ ကိုလည်း ရုပ်သိမ်းတော့မယ်ဆိုတော့ ငွေလဲနှုန်းက ဘာဖြစ်လာဦးမလဲ စောင့်ကြည့် ရဦးမယ်။ အက်ဖ်အီးစီလည်ပတ်နှုန်းက အပြင်မှာ သန်း ၃၀ ကျော်ရှိတော့ အဲဒီ ငွေပမာဏက ဒေါ်လာ ဒါမှမဟုတ် မြန်မာငွေနဲ့လဲလို့ရတော့ အဲဒီအချိန်မှာ ငွေ ဈေးက တက်လာနိုင်သေးတယ်။ အားလုံးက ဒေါ်လာနဲ့ပဲလဲကြမယ့်သူက များနေ တယ်'ဟု ပြင်ပငွေကြေးဈေးကွက်အတွင်းမှ ကိုဦးက ဆိုသည်။ယခုတစ်ပတ်အတွင်း ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ ၈၈၂ ကျပ်ရှိ ကြောင်း သိရသည်။ ငွေလဲစင်တာများတွင် မတ် ၂၂ရက်က ရောင်းဈေး ၈၈၆ ကျပ်၊ ဝယ်ဈေး ၈၇၇ ကျပ်ရှိခဲ့ပြီး ပြင်ပဈေးကွက်တွင် ရောင်းဈေး ၈၈၆ ကျပ်၊ ဝယ်ဈေး ၈၈၄ ကျပ်ရှိကြောင်း သိရသည်။ မတ် ၂၈ ရက်တွင် ငွေလဲစင်တာများ၌ ရောင်းဈေး ၈၈၅ ကျပ်၊ ဝယ်ဈေး ၈၇၆ ကျပ်ရှိကြောင်း သိရသည်။ မယ်သီတာ
