Main menu

Background

မန္တလေးကားဈေးကွက်တွင် ကားဈေး အနည်းငယ် တက်ရိပ်ပြ

Tue, 04/09/2013 - 13:02 -- ydnar

ယခုနှစ်ဆန်းမှာ မန္တလေးကားဈေး ကွက်အတွင်း အရောင်းအဝယ်ဖြစ်လာ ပြီး၊ ကားဈေးတက်ရိပ်ပြလာပါတယ်။ လမ်း ၆၀ကားဝိုင်းမှ ကားဝယ်ရောင်း လုပ်သူ ဦးဝင်းမြင့်ဝင်းက "နှစ်ကုန်ပိုင်း ကထက် ယခုနှစ်ဆန်းမှာ  အရောင်း အဝယ် ပြန်ဖြစ်လာပြီး၊ လူကြိုက်များတဲ့ ကားတွေဆို ကျပ် ၅ သိန်းနဲ့ ၁၀ သိန်း ကြားဈေးတက်တယ်။  အပ်ကားတွေ တောက်လျှောက် အပ်ခံနေတော့ ကား အပ်တဲ့သူတွေကပြန်ဝယ်ကြတဲ့အတွက် အရောင်းအဝယ်ဖြစ်နေ တာ။ ကားသွင်း ရတဲ့ အခွန်အခလျှော့မယ်ဆို လမ်းပေါ် မှာတွေ့နေရတဲ့ကားဟောင်းတွေပျောက် သွားမယ်။ နယ်စပ်အရောက်ကားဈေးနဲ့ စလစ်ဈေးက တန်ဖိုးမကွာဘူးဖြစ်နေ တယ်။ ကားတစ်စီး ကျပ်သိန်း ၂၅၀ လောက်ဖြစ်တဲ့ ကားက  နယ်စပ် အရောက် ကျပ်သိန်း ၁၀၀ လောက်ပဲ ရှိတာ။ အခွန်အခနဲ့ သယ်ယူစရိတ်က ကျပ်သိန်း ၁၅၀ လောက်ရှိနေတယ်။ အခွန်အခတွေ  လျှော့မယ်လို့လည်း ကြားပါတယ်။ လျှော့လိုက်ရင် ကားတန် ဖိုးကျပြီး လူတိုင်းကားစီးနိုင်မယ်။ ကား ဈေးကျပြီး အရောင်းအဝယ်ကလည်း ဆက်ရှိနေဦးမှာပါလို့ ပြောပါတယ်။

ကားဈေးကွက်မှာ အဝယ်လိုက်နေတဲ့ ကားအချို့ တန်ဖိုးအနည်းငယ်တက်လို့ တိုယိုတာ(ပရိုဘောက်စ်)အင်ဂျင်(၁.၃) ကျပ်သိန်း ၁၂၀နဲ့ ၁၅၀ ကြား၊ နစ်ဆန်း (ဗင်) အင်ဂျင် (၁.၃) (၂၀၀၆-၂၀၀၇) မော်ဒန် ကျပ်သိန်း ၁၀၀ နဲ့ ၁၂၀ ကြား၊ တိုယိုတာ (ဗက်တာ) (၂၀၁၀-၂၀၁၁) ကျပ်သိန်း ၁၄၀ နဲ့ ၁၈၀ ကြား၊ ဆူဇူကီး အင်ဂျင်ပါဝါ ၆၆၀ က ကျပ်သိန်း ၇၀ ဝန်းကျင်၊ ရွှေငါး နံပါတ်နိမ့် ၂၀၀၀-၂၀၀၁ ကျပ်သိန်း ၁၉၀ ဝန်းကျင်၊ ပါဂျဲရိုး ၁၉၉၇ မော်ဒန် ကျပ်သိန်း ၂၈၀-၃၀၀ ဖြင့် မော်ဒယ်လ်အလိုက်  အရောင်း အဝယ်ရှိကြောင်း သိရပါတယ်။ သြင်္ကန် ရာသီနီးလာလို့ ဂျစ်ကားနဲ့လိုက်ထရပ် ကားကောင်းကားသန့်များလည်းအဝယ် လိုက်လာကြောင်း၊ ဂျစ်ကားတစ်စီးကို ကျပ်သိန်း ၄၀ ဝန်းကျင်ရှိ၍ လိုက်ထ ရပ်၂၀၀၂-၂၀၀၃ မော်ဒယ်လ် ဒီဇယ် ကားရှည် ၁၀၀၀ Kg ကျပ်သိန်း ၂၀၀ ဝန်းကျင်၊ ဓာတ်ဆီကား ၂၀၀၂-၂၀၀၃ မော်ဒယ်လ်ကားကို ၈၅၀ Kg ကျပ်သိန်း ၁၂၀-၁၃၀ ဖြင့် အရောင်းအဝယ်ရှိ ကြောင်း သိရပါတယ်။ ဇူးဇူး-မန္တလေး