Main menu

Background

ပြည်ပဲဈေးကွက်မှာ သြင်္ကန်ပြီးကာလ ပဲစင်းငုံဈေးသာ ဈေးငြိမ်နေပြီး အခြားပဲများဈေးမြင့်လာခဲ့

Mon, 04/29/2013 - 10:48 -- ydnar

ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်အတွင်း သြင်္ကန် အပြီးမှာ ပဲမျိုးစုံဈေးနှုန်းများ ဈေးမြင့်လာခဲ့တာကို တွေ့ရပါ တယ်။ ပဲစင်းငုံသီးနှံတစ်မျိုးသာ ဈေးငြိမ်နေခဲ့ပြီး အခြားပဲမျိုးစုံ ဈေးမှာ ဈေးမြင့်ရလျက်ရှိပါတယ်။ ပဲစင်းငုံသီးနှံမှာ ပဲအဝင် မရှိတော့ဘဲ ပဲလက်ကျန်များသာ ရန်ကုန်ဝယ်လက်အပေါ် မူတည်၍ အိတ် ၂၀၀ ကျော် ၃၀၀ အထိ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။မတ်ပဲဈေးမှာ ဧပြီလဆန်းမှာ တစ်တင်း ၁၆၉၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုသြင်္ကန်အပြီး ဧပြီ နောက်ဆုံးပတ်မှာ တစ်တင်း ၁၇၉၀၀ ကျပ်ထိဈေးမြင့်လာခဲ့ပါ တယ်။ ပေါင်းတ လည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များ မှ အိတ် ၄၀၀ ကျော်နေ့စဉ်ဝင်ရောက်လျက်ရှိကာ ရန်ကုန် ဝယ်လက်ကလည်း နေ့စဉ်အဝယ်ရှိနေပါတယ်။

ကုလားပဲသီးနှံမှာလည်း ပန်းတောင်း၊ ကံမမြို့နယ်များမှ အနည်းငယ်ဝင်ရောက်ခဲ့ပြီး ဒေသတွင်း ခွဲစက်သမားများ ပုံမှန်အဝယ်ရှိတာကြောင့် တစ်ရက်အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သြင်္ကန်မတိုင်မီ ပဲဈေးမှာ တစ်တင်း ၁၈၆၀၀ ကျပ်သာရှိခဲ့ပြီး ယခုသြင်္ကန်ပြီးချိန်မှာတော့ တစ်တင်း ၁၀၀၀ ကျပ်ကျော်မြင့်လာခဲ့လို့ ယခုတစ်ပတ်မှာ ကုလားပဲဈေး တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ပဲကြီးဈေးနှုန်းမှာလည်း သြင်္ကန်ပြီးကာလမှစ၍ ဈေး တဖြည်းဖြည်း မြင့်လာခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တစ်တင်း ၅၀၀၀ ကျပ်ကျော်အထိ ဈေးပိုလာခဲ့ပါတယ်။ ဧပြီလဆန်း ပဲကြီးဈေးမှာ (ရွှေကျွန်း) တစ်တင်း ၂၇၀၀၀ ကျပ် (ကမ်းနား) တစ်တင်း ၂၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု ဧပြီလနောက်ဆုံးပတ်မှာတော့ (ရွှေကျွန်း) တစ်တင်း ၃၃၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၃၁၀၀၀ ကျပ်အထိ ဈေးကောင်း ရနေပြီး ရန်ကုန်ဝယ်လက် အဝယ်အေးခဲ့ကာ ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများမှ တစ်ရက်အိတ် ၂၀၀ ကျော် အဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲပုပ်သီးနှံမှာ ပဲအဝင်မရှိတော့ဘဲ လက်ကျန်ပဲများနဲ့သာ ဒေသတွင်းလက်လီသမားများ တစ်ရက် ၁၅ အိတ်ကျော် အဝယ်ရှိပြီး ပဲဈေးမှာ ဧပြီလဆန်းတွင် တစ်တင်း ၂၀၀၀၀ ကျပ်မှ ယခုလကုန်တွင် တစ်တင်း ၂၁၀၀၀ ကျပ်ထိ တစ်တင်း ၁၀၀၀ ကျပ်ခန့်ဈေးမြင့်လာခဲ့ပါတယ်။ ထောပတ်ပဲသီးနှံမှာ ပဲအဝင်ပါးလာပြီး ပန်းတောင်း၊ ရွှေတောင်၊ ကျီးသဲဖက်မှ တစ် ရက်အိတ် ၅၀ ကျော်ဝင်ရောက်ခဲ့ကာ လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ တာကြောင့် ပဲဈေးမှာ တစ်တင်း ၁၆၀၀၀ ကျပ်သို့ ဈေးအနည်းငယ်မြင့်လာခဲ့ကြောင်း သိရပါတယ်။ခင်ဆွေဝင်း- ပြည်