Main menu

Background

နှစ်သစ်မှာဈေးနှုန်းအသစ်တွေနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ အောင်ပန်းကုန်စည်ဒိုင်မှာ လယ်ယာထွက်ကုန်အချို့ ဈေးနှုန်းများ တက်ရိပ်ပြဈေးမာ

Mon, 04/29/2013 - 12:07 -- ydnar

နှစ်သစ်ကူးပွဲတော်အပြီး နှစ်ဆန်း(၂) ရက်နေ့ဖြစ်တဲ့ ဧပြီ ၁၈ ရက်နေ့ကစပြီး၊ ရှမ်းပြည်နယ်အောင်ပန်း ကုန်စည်ဒိုင်ဈေးကွက်ရဲ့ နှစ်သစ်မှာ ဈေးနှုန်းအသစ်တွေနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ လယ်ယာထွက်ကုန်ပစ္စည်း အချို့မှာ ဈေးနှုန်းများ တက် ရိပ်ပြဈေးမာခဲ့ကြောင်းသိရပါတယ်။

နှစ်သစ်ကူးပွဲတော်မတိုင်မီ ဧပြီ ၁၁ ရက်က ကြက်သွန်ဖြူတစ်ပိဿာ ၃၅၀ ကျပ် - ၁၀၅၀ ကျပ် အစေ့ထုတ်ပြောင်း တစ်ပိဿာ ၄၀၀ ကျပ်၊ ပဲရာဇာတစ်ပိဿာ ၁၃၀၀ ကျပ်၊ ချင်းအစိုတစ်ပိဿာ ၂၅၀ ကျပ် - ၃၅၀ ကျပ်၊ အာလူးတစ်ပိဿာ ၂၅၀ ကျပ် - ၅၅၀ ကျပ်တို့နဲ့ဈေးကပိတ်သွားခဲ့ပေမယ့် ဈေးကွက်ပြန်ဖွင့်ခဲ့တဲ့ ဧပြီ ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ၇၀၀ ကျပ် - ၁၆၅၀ ကျပ်နဲ့ ၁၄၅ တန်၊ အစေ့ထုတ်ပြောင်း တစ်ပိဿာ ၄၁၀ ကျပ်နဲ့ ၃၉ တန်၊ ပဲပုပ်တစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ ၃၂ တန်၊ ပဲစင်းငုံ တစ်ပိဿာ ၉၀၀ ကျပ် - ၁၀၀၀  ကျပ်နဲ့ တန် ၂၀ ၊ ပဲရာဇာတစ်ပိဿာ ၁၄၀၀ ကျပ်နဲ့ ၂၁ တန်၊ ပန်းနှမ်း တစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ ၁၈ တန်၊ ချင်းအစိုတစ်ပိဿာ ၃၅၀ ကျပ် - ၄၅၀ ကျပ်နဲ့ ၁၀၉ တန်၊ နနွင်းတစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ ၅၃ တန်၊ ချင်းခြောက်တစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ တန် ၄၀ ၊ အာလူး တစ်ပိဿာ ၃၅၀ ကျပ် - ၇၅၀ ကျပ်နဲ့ တန် ၂၀၀ ခန့် အသီးသီးဈေးဖွင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ စုစုပေါင်း ကုန်ချိန် ၆၇၇ တန် တင်ပိ့ုရောင်းချနိုင်ခဲ့ကြောင်းနဲ့ နှစ်သစ်ကူး ပွဲတော်အပြီးမှာ ချင်း၊ နနွင်းနဲ့ ချင်းခြောက် ၂၀၂ တန်ကို ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံကို နယ်စပ်မှ တစ်ဆင့်တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း၊ အောင်ပန်းကုန်စည်ဒိုင်ရဲ့အဆိုအရ သိရပါတယ်။ အဆိုပါ လယ်ယာထွက်ကုန်များအနက်မှ အထူးသဖြင့် ကြက်သွန်ဖြူ၊ ပဲရာဇာ၊ အစေ့ထုတ်ပြောင်း၊ ချင်းအစိုနဲ့ အာလူးဈေးနှုန်းများမှာ သိသိသာသာမြင့်တက်ခဲ့ပြီး၊ အခြားကုန်ပစ္စည်းများမှာလည်း အနည်းငယ် ဈေးမာခဲ့ကြောင်းနဲ့ ယခုလို ဈေးနှုန်းမြင့် တက်ပြီး ဈေးမာခဲ့ခြင်းမှာ ဈေးကွက်ဝယ်လိုအားရှိပြီး၊ ပွဲရုံလက်ကျန်နည်းပါး နေတဲ့ အပြင် စိုက်ပျိုးထုတ်လုပ်သူ ဒေသခံတိုင်းရင်းသားများမှာ မြန်မာနှစ်ဆန်း တစ်ရက်မှ ဧပြီလကုန်အတွင်း ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ ရပ်နီးရပ်ဝေးရှိ မိဘ ဆွေမျိုးသက်ကြီးရွယ်အိုများနဲ့ ဆရာတော်ကြီးများကို အစုအဖွဲ့အလိုက် လှည့်လည် သွားရောက် ပူဇော်ကန်တော့ခြင်းကိစ္စကိုသာ လုပ်ဆောင်ကြသဖြင့် ပွဲရုံများကို ဒေသ ထွက်ကုန်များလာရောက်ရောင်းချမှုနည်းပါးခြင်း၊ ရာသီဥတုအခြေအနေအရ နဲ့ ရေခန်းခြောက်မှုတို့ကြောင့် သီးနှံ အချု့ိအထွက်နှုန်းကျဆင်းမှုရှိခြင်းတို့ကြောင့်ဖြစ် ကြောင်း သိရပါတယ်။                          မင်းအောင် - တောင်ကြီး