စပါးပြီး သီးထပ်ဂျုံစိုက်တဲ့အကျိုးကြောင့် ကလေးနယ်ကတောင်သူတွေ ဝင်ငွေတိုးလို့ရွှင်မြူးနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး ခရိုင်မှာ ယခင်က ဂျုံသီးနှံစိုက်ပျိုးခြင်း မရှိခဲ့ဘဲ၊ လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကမှ စမ်း သပ်စိုက်ပျိုးခဲ့ကြပြီး၊ ယခုအခါ တိုးချဲ့ စိုက်ပျိုးခဲ့ကြရာ၊ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးကာလမှာ ဂျုံတွေရိတ် သိမ်း ရောင်းချလျက်ရှိသလို တွက်ခြေကိုက် လို့ ဂျုံတောင်သူတွေ ရွှင်မြူးဝမ်းသာနေ ကြတယ်လို့ သိရပါတယ်။ ကလေးမြို့ နယ်မှာ ဂျုံကို ၂၀၁၀-၁၁ ခုနှစ်က ဧက ၄၀ ခန့် စတင်စမ်းသပ်စိုက်ပျိုးခဲ့ကြပြီး၊ ၂၀၁၁-၁၂ ရာသီမှာ ဧက ၇၀၀၊ ပြီးခဲ့တဲ့ ၂၀၁၂-၁၃ ရာသီမှာ ဧက ၁၆၀၃ ထိ တိုးချဲ့ စိုက်ပျိုးခဲ့ကြတယ်လို့ သိရ ပါတယ်။
ကလေးမြို့နယ်ရှိ မြို့လှကွင်း၊ အင်းတိုင်ကုန်း၊ စက္ကန့်၊ ကြိုးသုံးပင်စတဲ့ ဒေသတွေအပါအဝင် ကျေးရွာ ၁၀ ရွာ ခန့်မှာ စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးစနစ် အနေနဲ့ ထွန်ယက်ရန်မလိုဘဲ လယ်ရိုးပြန် (ရိုးပြတ်များကိုမီးရှို့)ကာ မျိုးကြဲစိုက် ပျိုး ခြင်းဖြစ်သလို ပုလဲမြေသြဇာ ၂ အိတ်၊ ရေ ၃ ကြိမ်သာသွင်းရသဖြင့် တစ်ဧက စိုက်ပျိုးစရိတ်မှာ ကျပ် ၇ သောင်း သာ ကုန်ကျတယ်လို့ ဂျုံတောင်သူတွေက ပြောပါတယ်။ ယခုရာသီမှာ ဂျုံတစ်ဧက ထွက်နှုန်း ၂၅ တင်းနဲ့ ၃၅ တင်းကြား ထွက်ရှိပြီး၊ ဒေသပေါက်ဈေးတစ်တင်း ၁၂၀၀ ကျပ်ပေါက်သဖြင့် တစ်ဧကကျပ် ၂ သိန်းခန့်မှ ကျပ် ၃ သိန်းကျော်ထိ အကျိုးအမြတ်ရရှိလို့ နှစ်သစ်ကူးနဲ့အတူ ရွှင်မြူးနေကြတယ်လို့သိရပါတယ်။ ကလေးဒေသထွက် ဂျုံတွေကို ကလေး ဒေသကုန်သည်တွေကတစ်ဆင့် မုံရွာ ကို တစ်နေ့အိတ် ၈၀၀ မှ ၁၀၀၀ ကြား ကားနဲ့တင် ပို့နေကြသလို လာမဲ့ ၂၀၁၃-၁၄ ခုနှစ် ဂျုံစိုက်ရာသီမှာ ကလေးမြို့ နယ်ရှိ ကျေးရွာများမှာ မိုးစပါးရိတ်သိမ်း ပြီး၊ သီးထပ်အဖြစ် ဂျုံစိုက်ပျိုးမှု ပိုမိုတိုး တက်လာနိုင်ဖွယ်ရှိတယ်လို့ တောင်သူတွေ ထံက လေ့လာကြားသိရပါတယ်။ သောင်းကြိုင်-ကလေး
