Main menu

Background

ပြည်ဈေးကွက်မှာ ဧပြီလပထမပတ်အတွင်း အခြားပဲများ ဈေးလျော့လာခဲ့ပေမယ့် ပဲကြီးဈေးနှုန်းများ သိသိသာသာဈေးကောင်းရလာခဲ့

Tue, 05/07/2013 - 10:20 -- ydnar

ယခုတစ်ပတ်ပြည်ပဲဈေးကွက်မှာမတ်ပဲ၊ပဲစင်းငုံ၊ ကုလားပဲ ဈေးနှုန်းများ ဈေးပြန်လျော့သွားခဲ့ပြီး၊ ပဲကြီးဈေးနှုန်း ကတော့ သိသာစွာမြင့်တက်လာခဲ့သလို ထောပတ်ပဲ၊ ပဲနီပြားဈေးများ လည်း အနည်းငယ်မြင့်ခဲ့ပါတယ်။ ပဲပုပ်ဈေး ကတော့ ဈေးငြိမ် လျက်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မတ်ပဲဈေးမှာ သြင်္ကန် ပြီးကာလစစချင်း ဈေးမြင့်ခဲ့ပေမယ့် ယခု တစ်ပတ်မှာတော့ တစ်တင်း ၁၇၅၀၀ ကျပ်နဲ့သာ တစ်နေ့အိတ် ၃၀၀ ခန့် ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိပြီး၊ ဈေး ကွက်အတွင်းကို ပေါင်း တလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းဘက်မှ အဝင်အနည်းငယ် ရှိခဲ့ပါတယ်။

ပဲစင်းငုံသီးနှံမှာ ပဲအဝင်မရှိတော့ဘဲ လက်ကျန်ပဲများသာ တစ်ခါတစ်ရံ ရန်ကုန် ဝယ်လက်ဝယ်ယူမှုရှိတဲ့ အတွက် အရောင်းအဝယ်ဖြစ်တဲ့ရက်များမှာ အိတ် ၂၅၀ ကျပ် - ၃၀၀ ကျပ်ကျော်ရောင်းချခဲ့ပြီး၊ ပဲဈေးမှာ တစ်တင်း ၂၁၀၀၀ ကျပ်နဲ့ ယခင်အပတ်ကထက် ဈေးလျော့ခဲ့ပါတယ်။ ကုလားပဲမှာ ပန်းတောင်းမြို့နယ်ဖက်မှ တစ်ရက်ကို အိတ် ၂၀၀ ကျော် နေ့စဉ် ဝင်ရောက်ခဲ့ပြီး၊ ဒေသတွင်းခွဲစက်သမားများ ပဲတစ် တင်းကို ၁၉၄၀၀ ကျပ်နဲ့ ဝယ်ယူမှုရှိပြီး ယခင်အပတ်ကထက် တစ်တင်း ၆၀၀ ကျပ်ခန့် ဈေးလျော့ခဲ့ပါတယ်။ ပဲကြီးဈေးမှာ သြင်္ကန်ပြီးချိန်မှစပြီး ပဲဈေးများ သိသိသာ သာမြင့်တက်လာခဲ့ကာ ယခုတစ်ပတ်မှာလည်း ပဲကြီး၊ ရွှေ ကျွန်းတစ်တင်း ၃၅၀၀၀ ကျပ်ထိ ဈေးကောင်းရလာသလို ပဲကြီး(ကမ်းနား)တစ်တင်း ၃၂၅၀၀ ကျပ်ထိ ဈေးမြင့်ခဲ့ ပါတယ်။ ပဲကြီးဈေးများမြင့်တက်လာတာကြောင့် လှောင် လက် အချို့ထုတ်ရောင်းချလာတဲ့အတွက် ရွှေတောင်၊ ကျီးသဲ၊ ပန်းတောင်းမြို့နယ်များမှ ပြည်ပဲဈေးကွက်ကို တစ်ရက်အိတ် ၂၅၀ ကျော်ထိ ဝင်ရောက်လာခဲ့ပါတယ်။ ရန်ကုန်ဝယ်လက် ဝယ်ယူမှုအေးသော်လည်း ပဲကြော်ဖိုလုပ်ငန်းသမားများ နေ့ တိုင်း အဝယ်ရှိတာကြောင့် အိတ် ၃၀၀ ကျော် အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ ထောပတ်ပဲသီးနှံမှာရွှေတောင်၊ ကျီးသဲဘက်မှ ဝင်ရောက် မှုရှိပြီး၊ ဒေသတွင်း လက်လီသမားများ ဝယ်ယူကြတဲ့အတွက် တစ်ရက်အိတ် ၂၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကာ ပဲဈေးမှာ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ ယခင် အပတ်ကထက် ၁၀၀၀ ကျပ် ခန့် ဈေးပိုရခဲ့ပါတယ်။ ပဲပုပ်ဈေးမှာတော့ ယခင်အပတ်က အတိုင်း တစ်တင်း ၂၁၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပြီး၊ ပဲအဝင် မရှိဘဲ လက်ကျန်ပဲများသာ လက်လီသမားများ ဝယ်ယူကြ တယ်လို့ သိရပါတယ်။               ခင်ဆွေဝင်း - ပြည်