Main menu

Background

တကယ်စွမ်းတဲ့ နွေနှမ်း

Wed, 06/12/2013 - 11:52 -- ydnar

မန္တလေးတိုင်း ဒေသကြီး မြင်းခြံ ခရိုင်ဟာ နှမ်းအများဆုံးစိုက်တဲ့ ဒေသ လို့ဆိုလို့ရပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်ရဲ့ နှမ်းစိုက်ဧကကိုကြည့်မယ်ဆိုရင် မိုးနှမ်းဧက ၄၈၂၀၀၀ ၊ ဆောင်းနှမ်းဧက ၃၇၀၀၀၊ နွေနှမ်းဧက ၅၀၀၀ ပေါင်းဧက ၅၂၄၀၀၀ ဖြစ်ပါတယ်။ မိုးနှမ်းနဲ့ ဆောင်း နှမ်းကမိရိုးဖလာနှမ်းဖြစ်တဲ့ နှမ်းညိုကို စိုက်တဲ့အတွက်တစ်ဧက ၄၊ ၅၊ ၇ တင်း သာထွက်လို့ တွက်ခြေမကိုက်ဘူး လို့ ညည်းသံကြားရပါတယ်။

နှမ်းစိုက်တောင်သူများရဲ့ဘဝကို အနီးကပ်သိနေတဲ့ဆီစက်ပိုင်ရှင် လည်း ဖြစ်၊လွှတ်တော်ကိုယ်စားလှယ် လည်း ဖြစ်တဲ့ မြင်းခြံမြို့မှ ဦးဝင်းမြင့်က ဂျပန် နှမ်းဖြူများကို တင်သွင်းလာပြီး၊ စိုက်ပျိုး နည်းစနစ်များကို ပြသပေး၊ သွင်းအားစု ကိုလည်း အကူအညီပေးပြီး၊ ဧရာဝတီ မြစ်ရိုးတစ်လျှောက်ရွာတွေဖြစ်တဲ့လေးအိမ် တန်း၊ သာပေါင်း၊ ဆားကျူး၊ နယ်ခြား ကျေးရွာတွေမှာဖေဖော်ဝါရီ၊ မတ်လ များ မှာစိုက်ခဲ့ပါတယ်။ ဧရာဝတီရေကျသွားတဲ့ ကာလ လည်းဖြစ်ပြီး၊ ရေသွင်းစိုက်လို့လည်းရတဲ့ ကျွန်းရွာလေးတွေမှာ ဧကအနည်း အများပေါ်မူတည်ပြီးစိုက်ခဲ့တာယခု ၇၅ ရက်ပြည့်သွားလို့ ရိတ်ရပါပြီ။ အထွက် နှုန်းက ၁၄၊ ၁၆ တင်းထွက်လို့ တောင်သူ တွေအံ့သြဝမ်းသာမှုတွေဖြစ်နေပါတယ်။ လေးအိမ်တန်းကျေးရွာ တောင်သူ တစ်ဦးက "ကျွန်တော် ၂ ဧကစိုက် ပါ တယ်။ အထွက်နှုန်းကောင်းတဲ့ ဂျပန် (နှမ်းဖြူ) က တစ်ဧက ၁၆ တင်းထွက် ပါတယ်။ နှမ်းတစ်ပိဿာ ၂၉၂၅ ကျပ် ရပါတယ်။ ကုန်ကျစရိတ်က ၂ သိန်းဝန်း ကျင်ဆိုတော့ ၄သိန်းကျော်ကျော် မြတ် ပါတယ်။ တွက်ခြေလည်းကိုက်တယ်၊ နည်းပညာလည်း ရရှိတဲ့အတွက် ရှေ့နှစ် မှာလည်း ကြိုးစားပြီးစိုက်အုံးမယ်" လို့ပြောပါတယ်။ မြင်းခြံ ကုန်သည်ပွဲစားများဟာ ဧရာဝတီမြစ်ရိုးတစ်လျှောက် နှမ်းစိုက် ကျေးရွာများမှာ တစ်ရက်ကို အိတ် ၂၅၀ နဲ့ ၃၀၀ ကြားမှာ အရောင်းအဝယ် ဖြစ်ပါတယ်။ အထွက်နှုန်းကောင်းတဲ့ မျိုး ကောင်း မျိုးသန့်နှမ်းကို ခေတ်မီစိုက်ပျိုး နည်းပညာများပေးပြီး၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်စိုက်ပျိုးခဲ့လို့လည်း အောင်မြင် ခဲ့တဲ့ရလာဒ် အကျိုးကျေးဇူး ခံစားနေရ တဲ့ ဝမ်းသာပီတိမျက်နှာ လေးများကို မြင်ရတော့ "တကယ်စွမ်းတဲ့ နွေနှမ်း" ပါလားလို့ ဖော်ကျူးမိပါတယ်။ကျော်ဦး-မန္တလေး