Main menu

Background

ယူရီးယား၊ လက်ချားတန်ခိုးနဲ့ အထွက်တိုးတဲ့ မိုးကြိုပဲတီစိမ်း

Thu, 06/27/2013 - 10:31 -- ydnar

မုံရွာမြို့နယ်ဟာ  လယ်စပါးထက် ယာသီးနှံ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါအဓိကစိုက်ပျိုး အောင်မြင်တဲ့ဒေသ တစ်ခု ဖြစ်ပါ တယ်။ ရှေးဘိုးဘေးဘီဘင်လက်ထက်ကထဲက ပဲ၊ ပြောင်းသီးနှံစုံစိုက်ပျိုးခဲ့ကြကာ၊ ရာသီမှန်ရင် အထွက် ကောင်းပြီး၊ ရာသီဖောက်ရင် အထွက်နှုန်းအောက်ခဲ့တာ ယနေ့အထိ မရိုးနိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။
 
အဘက်ဘက်က တိုးတက်လာတဲ့ ယနေ့ခေတ်မှာတော့ မကြာမကြာတွေ့ကြုံရ တဲ့ ရာသီရဲ့ဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးအတတ်ပညာရှင်များက ခေတ်နဲ့အမီ ကယ်တင်နိုင်မဲ့ ကုထုံးသစ်တွေနဲ့ ဝိုင်းဝန်းကူညီနေကြတဲ့ အကျိုးကြောင့် ဒုက္ခမှသည် သုခဆီ ကူးပြောင်းနိုင်ခဲ့ကြပြီလို့ မုံရွာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီဝင် တစ်ဦးဖြစ်တဲ့ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အမာကြည်ကပြောပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက သာစည်တိုက်နယ်၊ ၉ ပင်ကျေးရွာမှာ မိုးကြိုသီးနှံ ပဲတီစိမ်းကို တောင်သူ ၄၂ ဦးရဲ့ တစ်ဆက်တစ်စပ်တည်း ဧက ၇၀ မှာ ဆည်ရေ သောက်အဖြစ် စိုက်ပျိုးခဲ့ကြပါတယ်။  မျိုးအနေနဲ့ ရေဆင်း (၁၁) ဖြစ်ပြီး တစ်ဧက စိုက်ပျိုးစရိတ် ကျပ်တစ်သိန်းကျော်ခန့် ကုန်ကျပါတယ်။ ဒီနှစ် ရာသီရဲ့ အပူဒဏ် ကြောင့် ဆည်ရေ (၅)ကြိမ်ခန့်သွင်းခဲ့ရပြီး၊ တစ်ဧက ရေသွင်းစရိတ်က ၉၅၀ ကျပ် ကျသင့်ပါတယ်။ ဇွန်လဒုတိယပတ် ပဲတီစိမ်း (၂)ကြိမ်ကောက်ပြီးချိန်ထိ တစ်ဧက ၁၆တင်းထွက်ခဲ့တယ်လို့ဆိုပါတယ်။တစ်ကြိမ်ကောက်ပြီးတိုင်း တစ်ဧကကို ယူရီးယား ဓာတ်မြေသြဇာ ၆ ဘူးနဲ့ လက်ချား ၁၀ ကျပ်သားရောပြီးဖြန်းခဲ့ကာ တစ်ကြိမ်ဖြန်းရင် ၁၅၀၀ ကျပ်ကုန်ကျတယ်လို့ဆိုပါတယ်။အနည်းဆုံး နောက်ထပ်တစ်ကြိမ်မှ(၂) ကြိမ်ထိ ကောက်နိုင်ပြီး၊ တစ်ဧက ၂၂ တင်းအနည်းဆုံး ထွက်ရှိမယ်လို့ဆိုပါတယ်။ လောလောဆယ် မုံရွာကုန်စည်ဒိုင် ဇွန်လတတိယပတ်အတွင်း ပဲတီစိမ်းတစ်တင်း ၂၈၀၀၀ ကျပ်ထိ ဈေးမြောက်လာတဲ့အတွက် တစ်ဧက ကျပ် ၆ သိန်းနီးပါး ဝင်ငွေရရှိကာ အကျိုးအမြတ်အားဖြင့် ၄ ဒသမ ၅ သိန်းကျော်ရရှိစေတယ်လို့ တွက်ချက်သိရှိရပါတယ်။ ပုံမှန်အထွက်နှုန်း တစ်ဧက ၁၅ တင်းထက် အခုလို ၂၂ တင်းထိ ထွက်ရှိရခြင်းရဲ့ လျှို့ဝှက်ချက်မှာ အစေ့အဆန်ကို အဓိကဖွံ့ဖြိုး အားပေး စေတဲ့ မြန်မာပရဆေး 'လက်ချား' ရဲ့အစွမ်းဖြစ်ပြီး၊ ယူရီးယားဓါတ်မြေသြဇာ (အဖြူ) နဲ့ ၁၈း၄ နှုန်းပေါင်း စပ်ပက်ဖြန်းခြင်းကြောင့် အခုလိုအထွက်နှုန်း တိုးတက် ကောင်း မွန်လာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ လက်ချား တစ်ပိဿာ ၄၀၀၀ ကျပ်သာရှိပြီး တစ်ဧကမှာ ၃၀ ကျပ်သားခန့်သာ သုံးရပြီး ကုန်ကျစရိတ် ၁၂၀၀ ကျပ်ခန့်သာရှိ လို့ တောင်သူတွေအတွက် ဈေးနည်းနည်းနဲ့ အကျိုးပြုစေတဲ့ ပရဆေးတစ်မျိုးအဖြစ် အားကိုး အသုံးပြုနိုင်ရာ အနာဂတ်အညာဒေသ ယာသီးနှံတောင်သူတွေအတွက် အထွက်တိုး၊ ဝင်ငွေတိုးစေ ကာ ကျေးလက်ဒေသရဲ့ ဆင်းရဲမှုကို အထိုက်အလျောက် လျော့ပါးလာစေမှာမလွဲလို့ သတင်းလက်ဆောင် ပါးလိုက်ရပါကြောင်း ...။ထွန်းလှိုင်-မုံရွာ