Main menu

Background

ပြည်ဈေးကွက်မှာ ပဲကြီးသီးနှံဈေးငြိမ်နေသော်လည်း အခြားပဲများ ဈေးဆက်လက်ကျဆင်းလာခဲ့

Mon, 07/01/2013 - 11:11 -- ydnar

 
ယခုဇွန်လနောက်ဆုံးပတ်အတွင်း ပြည်ပဲဈေးကွက် မှာ ပဲဈေးနှုန်းများ ဈေးဆက်လက်ကျဆင်းလျက် ရှိနေတာ ကိုတွေ့ရပါတယ်။ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံဈေးနှုန်းများ ဈေး လျော့လာခဲ့ပြီး ပဲကြီးသီးနှံတစ်မျိုးသာ ဈေးအမြင့် ရခဲ့ပေမဲ့ ဈေးငြိမ်နေခဲ့ပါတယ်။

မတ်ပဲသီးနှံမှာ ပဲအဝင်ပါးသွားသော် လည်းပေါင်းတလည်၊ ပေါက်ခေါင်း၊ ကျီးသဲဖက်ကတော့ ပုံမှန် ဝင်နေခဲ့တာကြောင့် အိတ် ၃၀၀ ကျော် နေ့စဉ်ဝင်ရောက်ခဲ့ သလို ရန်ကုန်ဝယ်လက်ကလည်း ကျဈေးနဲ့သာ ဝယ်ယူနေ ခဲ့ပါတယ်။ မတ်ပဲတစ်တင်း ၁၆၉၀၀ကျပ်မှ ၁၆၂၀၀ ကျပ်သို့ ဈေးလျှော့အဝယ်ရှိခဲ့တာ ကိုတွေ့ရပါတယ်။ ပဲစင်းငုံသီးနှံလက်ကျန်များကတော့ ရန်ကုန် ဝယ် လက်က တစ်ခါတစ်ရံဝယ်ယူကြတာကြောင့် အိတ် ၂၀၀ ကျော် ၃၀၀ အထိ၊ တစ်တင်း ၁၈၈၀၀ ကျပ်ဖြင့်သာဝယ်ယူ ခဲ့ပါတယ်။ယခင်လလယ်ထိ ပဲစင်းငုံဈေးမှာ တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ရာမှ ယခုနောက်ဆုံးပတ်မှာ ထပ်မံ ဈေး လျော့သွားခဲ့တာကိုတွေ့ရပါတယ်။ အခြားပဲများ ဈေးလျော့သွားသော်လည်း  ပဲကြီးသီးနှံ ကတော့ဈေးအမြင့်နဲ့သာ ဈေးငြိမ်အရောင်း အဝယ်ဖြစ်နေ ခဲ့ပါတယ်။ ဈေးကွက်အတွင်းသို့ ပန်းတောင်း၊ ရွှေတောင်၊ ကျီးသဲ၊ ပေါက်ခေါင်း၊ ပေါင်းတလည်နဲ့ ပြည်-အောင်လံကြား မြို့နယ်များမှ နေ့စဉ် အိတ် ၂၀၀ ကျော် ဝင်ရောက်ခဲ့သလို ပဲကြော်ဖို လုပ်ငန်းသမားများအပြင် ရန်ကုန် လိုင်းသမားများ လည်း အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်သို့ ယခုဇွန်လနောက်ဆုံးပတ် အတွင်း ကုလားပဲသီးနှံများ ပန်းတောင်းဖက်မှသာမက လက်ပံတန်း၊ အုတ်ဖို မြို့တို့မှလည်း ဝင်ရောက်လာခဲ့ပါတယ်။ တစ်ရက် အိတ် ၂၀၀ ဝင်ရောက်ခဲ့သလို ခွဲစက်သမားများ ပုံမှန် အဝယ် ရှိနေတာကြောင့် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ ပဲနီပြားသီးနှံများလည်း ဈေးကွက်သို့ ရွှေတောင်မြို့ နယ်မှ ပဲအဝင်ရှိလာခဲ့ပြီး တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ ဒေသ တွင်း လက်လီသမားများ ဝယ်ယူမှုရှိခဲ့ပါတယ်။ ပဲပုပ်မှာ အဝင် မရှိတော့ဘဲ လက်ကျန်ပဲများသာ လက်လီသမား များအဝယ်ရှိ လို့ တစ်တင်း  ၂၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိတယ်လို့သိရပါတယ်။                ခင်ဆွေဝင်း-ပြည်