Main menu

Background

မုံရွာကုန်စည်ဒိုင် ဇွန်လကုန်ပတ် ပဲဈေးကွက် ပဲတီဈေးတက်ပေမယ့် ရောင်းလက်အား လျော့လာ

Mon, 07/01/2013 - 11:16 -- ydnar

 
မုံရွာကုန်စည်ဒိုင် ဇွန်လလကုန်ပတ်၊ ပဲဈေးကွက်မှာ ကုလားပဲအုပ်စု ပဲစင်းငုံနီနဲ့ မတ်ပဲတို့ ကျဈေးဖြစ်ပေါ်ခဲ့ပြီး၊ ပဲတီစိမ်းကြီး၊ စွန်တာနီ၊ ကသည်း ပဲပုပ်စေ့နဲ့ ပဲကြီးတို့ တက်ဈေး အသီးသီးဖြစ်ပေါ်ခဲ့ကာ ဝယ်လိုအားကောင်းခဲ့ ကြတယ်လို့ ကုန်သည်ရပ်ကွက်ကသိရပါတယ်။ ဇွန်လ လကုန်ပတ်ကုလားပဲအုပ်စု ဈေးကွက်မှာ Export ဝယ်လက်မရှိခြင်း၊ ပဲခွဲခြမ်းအရောင်းပါးခြင်းနဲ့ ပစ္စည်း လက် ကျန်ရှိသေးခြင်းတို့ကြောင့် ကုလာပဲမျိုးစုံတစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြားသာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဈေး အသီးသီး အေးသွားခဲ့ပါတယ်။

ကုလားပဲ(ထိုင်ဝမ်)ဟာ ဒီလထဲမှာ တစ်တင်း ၁၇၉၀၀ ကျပ် အမြင့်ဆုံး ပေါက်ခဲ့ရာက ယခု ၁၇၃၀၀ သို့လည်းကောင်း၊ 929 ဟာ ဒီလထဲမှာ တစ် တင်း ၁၈၀၀၀ ကျပ်အမြင့်ဆုံးပေါက်ခဲ့ရာက ယခု ၁၇၃၀၀ ကျပ်သို့လည်း ကောင်း၊ V2 မှာ ဒီလထဲမှာ တစ်တင်း ၁၈၄၀၀ ကျပ် အမြင့်ဆုံး ပေါက်ခဲ့ရာက ယခု ၁၇၃၀၀ ကျပ်သို့လည်း ကောင်း အသီးသီး ဈေးကျသွားခဲ့ပါတယ်။ ပဲစင်းငုံနီဈေးကွက်ကတော့ ဇွန်လထဲမှာ နေ့စဉ်ဈေး အတက်အကျဖြစ်ပေါ်ခဲ့ရာ တစ်တင်း ၂၀၇၀၀ ကျပ်အထိ အမြင့်ဆုံးပေါက်ခဲ့သလို ဒီရက်ပတ်မှာ တစ်တင်း ၁၈၇၀၀ ကျပ်ထိ အနိမ့်ဆုံး ဖြစ်ပေါ်ခဲ့ပါတယ်။ရန်ကုန်သမားတွေ ပုံမှန် အဝယ်ရှိပေမယ့် Export ဝယ်လက် တစ်ဘက်နိုင်ငံပေါက် ဈေးနဲ့ ချိန်ဝယ်ကြသလို လောလောဆယ် အိန္ဒိယငွေဈေးကျ လို့ငုံနီဈေးအေးတာလို့ကုန်သည်တွေကဆိုပါတယ်။ အရောင်း အဝယ်အားဖြင့် တစ်ရက်အိတ် ၅၀၀ - ၁၀၀၀ အိတ်ဝန်းကျင် သာ ဖြစ်ခဲ့ပြီး၊ တစ်ပတ်အတွင်း ရန်ကုန်တင်ပို့မှုကတော့ အိတ် ၅၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ဇွန်လ ပဲတီစိမ်းကြီးဈေးကွက်ကတော့ ယာခင်းထဲက ပဲဆွတ်ပြီး Export ဝယ်လက် ကားပေါ်တန်း ရောက်တယ်လို့ ပြောရလောက်အောင် ဝယ်လိုအားက ဦးဆောင်နေပါ တယ်။ ပေါက်ဈေးအားဖြင့် လည်း မကြုံစဖူးတစ်လထဲမှာ အနိမ့်ဆုံး တစ်တင်း ၂၅၉၀၀ ကျပ်သာရှိခဲ့ရာက ယခုတစ်တင်း ၂၉၀၀၀ ကျပ်ဈေးပေးပြီး၊ ရောင်းသမျှ တရုတ်က ဝယ်နေတယ်လို့ ကုန် သည်တွေကပြောပါတယ်။ ဝယ်လိုအားကောင်းပေ မယ့် ပစ္စည်း အဝင် ယခင်ကထက် ထက်ဝက် ခန့်လျော့လာပြီး တစ်ရက် အိတ် ၁၅၀၀ ဝန်းကျင်သာရှိခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လ လကုန်ပတ် စွန်တာနီနဲ့ ကသည်းပဲတွေလည်း တက်ဈေးအသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ Export  နဲ့ ဒေသသုံးဖို့ မန်းနဲ့ရန်ကုန်အဝယ်ရှိသလို ဒေသခံပဲကြော်ဖိုသမားတွေ ဈေးကြီးတဲ့ ပဲကြီးအစားသုံးဖို့ အဝယ်လိုက်နေ ပြီး၊ ပစ္စည်း လက်ကျန်လည်းလျော့လာတဲ့အတွက် အခုလိုတက်ဈေးဖြစ် တာလို့ဆိုပါတယ်။ယခု အပတ်မှာ စွန်တာနီ တစ်တင်း ၁၈၅၀၀ ကျပ်နဲ့ ကသည်းပဲ တစ်တင်း ၁၉၀၀၀ ကျပ် အမြင့်ဆုံးပေါက်ခဲ့ ကာ ပဲတစ်မျိုး တစ်ရက်အိတ် ၅၀၀ ခန့် အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းသိရှိရပါတယ်။ ဇွန်လနောက်ဆုံးပတ် မတ်ပဲဈေးကွက်မှာ နယ်အဝင်လည်းလျော့၊ ဝယ်လက်က လည်း ဒေသခံစက်သမားတွေသာဖြစ် လို့ ဈေးအေးသွား ခဲ့ရာ တစ်တင်း ၁၅၅၀၀ ကျပ်ပေါက်ခဲ့ပြီး၊ တစ်ရက်အိတ် ၂၀၀ - ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ကုန် သည်လက်ဝယ် ပစ္စည်းလက်ကျန်မပေါတဲ့ ပဲပုပ်စေ့ဈေးကွက် မှာ ဇွန်လ လကုန်ပတ်အတွင်း တရုတ်ဝယ်လက်အဆွဲရှိလို့ တစ်တင်း ၂၀၀၀၀ ကျပ်ထိ မြောက်လာခဲ့တာတွေ့ရပါတယ်။ ဇွန်လကုန်ပတ် မှာတော့ လှောင်လက်ပဲကုန်သည်အများစု Export  ဈေးကွက်မျှော်နေကြ သလို ဟာတောင်သူအများစု ကတော့ စိုက်ပျိုးထားတဲ့ ပဲစင်းငုံပင်ပေါက်တွေအတွက် လိုနေပြီဖြစ်တဲ့ "မိုး " ကို မျှော်လျက်ရှိပါကြောင်း။ထွန်းလှိုင် - မုံရွာ