Main menu

Background

ဒေါ်လာဈေးအတက်နဲ့ ကုန်ပစ္စည်းအချို့ အပြောင်းအလဲမှာ အခြေခံ လူတန်းစားများအတွက် အဆင်မပြေနိုင်

Mon, 07/01/2013 - 14:37 -- ydnar

ယခုလကုန်ပိုင်းမှာ ဒေါ်လာဈေး ၁၀၀၀ နဲ့အထက်ကိုရောက်ရှိခဲ့ပြီး၊ ကုန် ပစ္စည်းအချို့ ဈေးနှုန်းအပြောင်း အလဲရှိနိုင်ပြီး အခြေခံလူတန်းစားများအတွက် အဆင်မပြေနိုင်ကြောင်း ကုန်သည်ကြီးများက ပြောပါတယ်။

" ဒေါ်လာဈေးအတက်ကြောင့် နိုင်ငံခြားငွေနဲ့ ဆက်စပ်လုပ်ကိုင်သူတွေက သဘောကျကြတယ်။ အောက်ခြေလူ တန်းစားအတွက်တော့ ကောင်းကျိုးမခံစား ရဘူး။ ကုန်သည်ကြီးအချို့လည်း ကောင်းကျိုးရှိနိုင် ပါတယ်။ စားသောက်ကုန်ထဲ မှာဆို စားအုန်းဆီကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စားသုံးကြတာ ပို့ကုန်မှာ အကျိုး အမြတ်ကျန်ပေမယ့် အိန္ဒိယပို့မယ့်ပဲတွေဆို သူတို့ဘက်ကလည်း လှောင် ကုန် ရှိတာရောရူပီးဈေး တက်တာရောကြောင့် အဝယ်မရှိဘူး။ သွင်းကုန်မှာ ဈေး တက်တော့ အောက်ခြေလူတန်းစားအတွက် အဆင်မပြေနိုင်ဘူး " လို့ မြင်းခြံမြို့ ၉၉၉ မဟာသမာဓိကုမ္ပဏီမှ ဦးအောင်ကျော်ကျော်က ပြောပါတယ်။ အိန္ဒိယနိုင်ငံကို တင်ပိ့ုနေတဲ့ ပဲမျိုးစုံတင်ပို့မှုမှာ ကျဆင်းနေပြီး၊ တရုတ်နိုင်ငံနဲ့ လည်းယခုနှစ်မှာ ပို့ကုန်သွင်းကုန်များ ကျဆင်းမှုရှိကြောင်း၊ မူဆယ်မြို့ရှိ ကုန်သည် ကြီးများက ပြောပါတယ်။ ငါးရှဉ့်ပွဲရုံလုပ်ကိုင်သူ ဦးထွန်းလင်းစိုးက" မနေ့က ကျင်းပတဲ့ အစည်းအဝေး မှာ ပို့ကုန်ရောသွင်းကုန်ပါ ကုန်သွယ်မှုကျတယ်လို့ နယ်စပ်ကုန်သွယ်ရေးအစည်း အဝေးမှာ ပြောပါတယ်။ တခြားပို့ကုန်တွေတော့ မသိဘူး။ ရေထွက်ကုန် ကတော့ သိသိသာသာပို့ရတယ်။ ကဏန်းဆိုမနှစ်က တန်ချိန်တစ်သိန်းနှစ်သောင်း ပို့ရရင် ဒီနှစ်က နှစ်သိန်းလေးသောင်းပိုရတယ်။ ပိုပြီးတင်ပို့ရတယ်။ ကုန်သွယ်မှု အားလုံးချိန်ရင်တော့ ကျဆင်းနေ တယ်။ရေထွက်ကုန်နဲ့ ပဲအချို့လောက်ပဲ အဆင် ပြေတယ်"လို့ ဆိုပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ ရောင်းဝယ်ရေးလုပ်သူ ဦးမောင်ငယ်ကလည်း "တရုတ် ဘက်ကတော့ မြေပဲလုံးဆန် အဝယ်လိုက်နေတုန်းဘဲ။ နှမ်းရောင်စုံ၊ ပြောင်းအဝယ်လိုက်ပါတယ်။ အဝယ်လိုက်တော့ ဈေးလည်းတက်လာတယ်။ ဆီကြိတ်နှမ်းလည်း ဈေးတက်ချင်တယ်။ အိန္ဒိယဘက်ပို့ကုန်က ကျနေပြီး တရုတ်ဘက်က အဝယ်လိုက်နေပါ တယ်။ ဈေးတက်ပေမယ့် ကုန်သည်လက်ထဲက ပစ္စည်းဆိုတော့ ကုန်သည်ပဲ အကျိုးရှိပါတယ်" လို့ ပြောပါတယ်။ အာရှသား ဆီစက်မှ ဦးသန်းလွင်ကလည်း " ဒေါ်လာဈေးတက်ပေမယ့် မလေးရှားရင်းဂစ်ဈေးကကျနေလို့ စားအုန်းဆီတက်သင့်သလောက်မတက်ပါဘူး။ တစ်ပိဿာ ကျပ် ၂၀ ပဲတက်ပါတယ်။ ဒေါ်လာဈေးက ၁၀၀၅ ကျပ်ဆို ရင်းဂစ်က ၇၆၃ ဘဲရှိပါတယ်။ စားအုန်းဆီက ဇွန်လ ၂၆ ရက်နေ့က တစ်ပိဿာ ၁၆၈၀ မှ ၁၇၀၀ ဈေးဖြစ်လာတယ်။ ဆီဈေးကွက်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ တွက်ရင် စားဆီစားသုံးမှုက ၉၀ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ပဲဆီက ၃၀၀၀ ကျပ်နဲ့ အထက်မှာရှိနေလို့ စားဆီစားသုံးမှုက မကျနိုင်ပါဘူး။ ဒေါ်လာဈေး ထပ်တက်နေအုံးမယ်ဆို စားဆီဈေးက ထပ်တက်နေဦးမှာပါ" လို့ ဆိုပါတယ်။ ဆေးဝါးအချို့လည်း ဈေးတက်ဖို့ အခြေအနေရှိကြောင်း သိပါတယ်။ ဒေါ်လာဈေးမြင့်တက်မှုအပေါ် အခြေခံပြီး၊ ဈေးမြင့်တက်ဖို့ စောင့်ကြည့်နေပါ တယ်။ ဂျပန်ဆေးပစ္စည်းအရောင်းဆိုင်မှ ဦးဌေးက " ဒေါ်လာဈေး ၁၁၅၀ ဖြစ်ခဲ့တုန်းက ဆေးဈေးနှုန်းတက်ထားခဲ့တဲ့ ကုမ္ပဏီထက်ဝက်ကျော်လောက်က ဈေးပြန်မချဘဲ ရောင်းနေကြတာ။ ခုဒေါ်လာဈေးက မြင့်တယ်ဆိုပေမယ့် အဲ့ဒီတုန်းက ဈေးထိမရောက်သေးပါဘူး။ ကုမ္ပဏီအချို့ကတော့  ဈေးထိန်းမယ်လို့ ပြောနေကြပါတယ်။ ၄-၅ ရက်မှ ဒေါ်လာဈေးပြန်မကျရင် ဈေးတက်မယ်ထင် တယ်။ ခုတစ်ရက် နှစ်ရက်နဲ့ ဈေးမတက်နိုင်သေးဘူး။ လဆန်းပိုင်းက ထက်တော့ ဈေးနှုန်းကအများဆုံး ၅ ဆနဲ့ ၁၀ ဆကြားမှာ မြင့်တက်မှုရှိပါတယ်။ ဆေး တွေလည်း ယခင်ကထက် ပိုပြီးဝင်လာပါတယ်" လို့ ပြောပါတယ်။ဇူးဇူး - မန္တလေး