Main menu

Background

ဖျာပုံပေါ်ဆန်းမွှေးဆန်၊ တစ်ခေတ်ပြန်ဆန်းသစ်စေဖို့ မျှော်မှန်းပြီး ကြိုးပမ်းနေ

Wed, 07/24/2013 - 13:24 -- ydnar

ဖျာပုံမြို့နယ်ဆန်စပါးအထူးပြု ကုမ္ပဏီနဲ့ အကျိုးဆောင်တောင်သူများ၊ ပေါ်ဆန်းဘေးကြားလေးမျိုးသန့် ဧက ၃၀၀ စီမံကိန်းမှ ချောင်းတွင်းကျေးရွာရှိ ၂၅ ဧကကို စံပြပျိုးဘောင်စနစ်နဲ့ စိုက်ပျိုးထားမှုအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ ခရိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးမှူး၊ ဆည်မြောင်းဦးစီးဌာန(A-E) စတဲ့ ဌာနဆိုင်ရာအကြီးအကဲများနဲ့ အထူးပြုကုမ္ပဏီမှ ဒါရိုက်တာများ၊ စိုက်ကွင်း တာဝန်ခံများပါလိုက်ပါပြီး၊ ဇူလိုင်လ ဒုတိယအပတ်က ကွင်းဆင်း ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ အခုစိုက်ပျိုးထားတဲ့ ဘောင်က (၃' _ ၁၂၀' _ ၄")အကျယ် ရှိပြီး၊ တစ်ဧကကို ပျိုးဘောင် ၇ ဘောင်လုပ်ထားပါတယ်။မျိုးညှောက် ပေါက်ပြီး၊ မျိုးစပါးစေ့ တစ်ဧကကို ၆ ပြည်အသုံးပြုပါတယ်။ မျိုးစေ့တစ်စေ့နဲ့ တစ်စေ့ ပူးကပ်ပြီး မစိုက်မိဖို့ လိုပါတယ်။ အခု ၇ ရက်သားပဲရှိပါသေးတယ်။ ပျိုးပင်ပွား ၃ ပင်မှ ၅ ပင်ရရှိချိန် ပျိုးသက် ၂၀ ရက်သားမှ ပျိုးပင်ကို ချက်ချင်းနုတ်၊ချက်ချင်းစိုက်ခင်း ပြောင်း ရွှေ့စိုက်ရမှာပါ။ အခုတစ်ဧကရဲ့ ကုန် ကျစရိတ် ၂၅၀၀၀၀ ကျပ်ခန့်မှန်း ကုန်ကျစရိတ်ရှိပါတယ်။ ဒီထက်တော့ မပိုပါဘူး” လို့ ဆန်စပါးအထူးပြု ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောပါတယ်။ ဖျာပုံမြို့နယ် ဆန်စပါးအထူးပြု ကုမ္ပဏီနဲ့ အကျိုးဆောင်တောင်သူ များရဲ့ ပေါ်ဆန်းဘေးကြားလေး မျိုးသန့် စီမံကိန်းမှာ ယခုနှစ် တစ်မူ ထူးခြားစွာအကောင်အထည်ဖော်ခဲ့ကြပြီး၊ အားတက်သရော လုပ်ဆောင်နေမှု ကြောင့် ဖျာပုံပေါ်ဆန်းမွှေးဆန် တစ်ခေတ်ပြန်ဆန်းသစ်ဖို့ မျှော်မှန်းပြီး ကြိုးပမ်းနေကြကြောင်းပါခင်ဗျာ။မင်းဇော်မွန် - ဖျာပုံ