Main menu

Background

လိုနေချိန် မိုးရလို့ ငုံနီတောင်သူအချို့ရင်အေးရ

Wed, 07/24/2013 - 15:17 -- ydnar

မုံရွာခရိုင် ၈ မြို့နယ်မှာ မိုးရာသီအတွင်း ပဲမျိုးစုံဧက ၄ သိန်းကျော် နှစ်စဉ် စိုက်ပျိုးခဲ့ကြရာမှာ ပဲစင်းငုံသီးနှံ ဟာ တစ်နှစ်ပျမ်းမျှဧက ၂ ဒသမ ၄ သိန်းနီးပါးနဲ့ စိုက်ပျိုးမှုအများဆုံး Export သီးနှံတစ်မျိုးဖြစ်ပါတယ်။ မိုးသီးနှံ ဖြစ်တဲ့အတွက် ရာသီအတွင်း မိုးဘယ်လောက်ရွာရွာ ရေဝပ်မှာကလွဲပြီး၊ ရေမကြောက်တဲ့ အပင် မျိုးဖြစ်သလို ရေငတ်လည်း ခံနိုင်တဲ့ သီးနှံတစ်မျိုးဖြစ်လို့ ဒေသခံတောင်သူအများစု နှစ်စဉ်စိုက်ပျိုးကြခြင်းဖြစ်ပါတယ်။

မိုးရာသီအစ မှာ စိုက်ပျိုးပြီးဆောင်းရာသီ အလယ်မှာ ခူးဆွတ်နိုင်တဲ့ သက်ရင့်ပဲသီးနှံတစ်မျိုးဖြစ်တာနဲ့အညီ စိုက်ပျိုးသည်မှ ရိတ်သိမ်း ချိန်ထိ အနည်းဆုံး ၇ လမှ ၉ လခန့်ကြာမြင့်တဲ့သီးနှံဖြစ်ပါတယ်။ သက်ရင့် ပဲသီးနှံဖြစ်ပေမယ့် မြေမရွေးခြင်း၊ စိုက်စရိတ်သက်သာခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း၊ Export သီးနှံဖြစ်ခြင်း၊ ရိတ်သိမ်းပြီးလောင်စာအဖြစ် ထင်းရရှိခြင်းစတဲ့ အားသာချက်တွေကြောင့် အညာဒေသ တောင်သူ ကြိုက်သီးနှံ အဖြစ် ယနေ့ထိ ရပ်တည်နေဆဲဖြစ်တာလို့ ခန့်မှန်းသုံးသပ်မိပါတယ်။ ပြီးခဲ့တဲ့နှစ် စိုက်ပျိုးရာသီက မုံရွာခရိုင်မှာ ပဲစင်းငုံဧက ၂ ဒသမ ၃၉ သိန်းနီးပါးအမှန် စိုက် ပျိုးခဲ့ကြပေမယ့်ပွင့်ချိန်သီးချိန်မှာ မိုးအလွန်ခေါင်ခဲ့တဲ့အတွက် အထွက် ၃၀ ရာခိုင် နှုန်းကျော် ထိခိုက်ခဲ့ရတယ်လို့ လေ့လာသိရှိပါတယ်။ ယခုနှစ် ၂၀၁၃-၁၄ မှာ မုံရွာတစ်ခရိုင်လုံး ဧက ၂ ဒသမ ၅ သိန်းစိုက်ပျိုးဖို့ လျာထားတဲ့အနက်ယနေ့ထိ ၂ ဒသမ ၃၈ သိန်းဧကထိ စိုက်ပျိုးပြီးစီးပြီလို့ သိရ ပါတယ်။ စိုက်ပြီးပဲစင်းငုံအများစု မိုးလိုသဖြင့် အပင်ဖြစ်ထွန်းမှုအားနည်း နေခဲ့ရာ ဇူလိုင်လ ဒုတိယပတ်အတွင်း မုံရွာခရိုင် နယ်အနှံ့ အနည်းငယ်ရွာသွန်းခဲ့တဲ့ မိုး ကြောင့်ယခုအခါ ပဲစင်းငုံ ပင်ပေါက်တွေ မိုးရေသောက်ရလို့ ဖြစ်ထွန်းလာမယ့် အနာဂတ်ကိုမျှော်တွေးရင်း တောင်သူအချို့ ရင်အနည်းငယ် အေးမြခဲ့ကြတယ်လို့ တွေ့မြင်ရပါကြောင်း ........။                    ထွန်းလှိုင် - မုံရွာ