မူဆယ်-မန္တလေး ကုန်စည်စီးဆင်း မှု အတက်အဆင်းမမျှခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ တွက်ခြေမကိုက်ဘဲ လည်ပတ်ရုံသာရှိ နေကြောင်းသိရပါတယ်။ ကုန်စည် ပို့ဆောင်ခ နှုန်းထားများမှာ ဈေးကျ ဆင်းနေပြီး အတက်ကုန် တစ်ပိဿာကို ၅၄ကျပ်၊၅၅ကျပ်သာရှိသလိုအဆင်းကုန် တစ်ပိဿာကို ၃၈ ကျပ်၊ ၄၀ ကျပ်သာ ရှိပါတယ်။“ကုန်အတက်အဆင်းမမျှဘဲ ပို့ဆောင်နှုန်းကလည်း ကျနေတယ်။
ကုန်ပို့ရတာမကိုက်တော့ အတက်ကုန်ရ လိုက်အဆင်းကုန်ရလိုက်နဲ့ အတက် အဆင်းမမျှဘူးဖြစ်နေတယ်။ အများ အားဖြင့် အဆင်းကုန်မရှိဘူး၊ အခုလမှာ ကုန်မရဘဲခါလီသွားရတာလည်းရှိတယ်။ အတက်ကုန်က ကုန်မရလို့ အကျဈေးနဲ့ ဖြစ်နေပြီးအဆင်းကုန်ကတရုတ်ငွေဈေး ကြောင့် ကုန်ပါးပြီး၊ ကုန်သယ်ခ ဈေးနှုန်းကျဆင်းနေတယ်” လို့ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင် ကိုစန်းနိုင်ဦး က ပြောပါတယ်။ အတက်ကုန်များတွင် ဆန်၊ ပဲ၊ ပြောင်းနဲ့ နှမ်းအနည်းငယ် တင်ပို့မှုရှိပြီး အဆင်းကုန်များတွင် မြေဆီနှင့် လူသုံးကုန်အချို့ ဝင်ရောက်မှု ရှိပါတယ်။ မန္တလေးကုန်စည်ပို့ဆောင် ရေး လုပ်ငန်းများမှာ ၂၀၁၃ ခုနှစ် မတ်လ ၁၅ ရက်မှစ၍ ပြည်ကြီး မင်္ဂလာ ကားကွင်းသို့ ပြောင်းရွှေ့ဖွင့် လှစ်ခဲ့ပြီး ဆိုင်ခန်းတစ်ခန်းကို တစ်လ ကျပ်တစ်သိန်းခွဲဖြင့် ယခုနှစ်အတွက် ငှားရမ်းဖွင့်လှစ်ခဲ့ကြောင်း၊ မေလပိုင်း မှစ၍ ကားကွင်းအတွင်း ယာဉ်ဝင်ခြင်း မှာ ဆိုင်ကယ်တစ်စီးကို ၅၀ ကျပ်၊ ၁၂ ဘီးကား တစ်စီးကို ၉၀၀ ကျပ်၊ ယာဉ် အိပ်ခွင့် အခွန်ကြေးမှာ ကားတစ်စီးကို ၃၀၀ ကျပ်၊ နေ့စဉ်ပေးဆောင်ရပြီး သန့်ရှင်းရေးခ၊ လုံခြုံရေးခ၊ ဧည့်စာရင်း ကြေးများလည်း ပေးဆောင်ရမှုရှိ ကြောင်း၊ မီတာခမှာ တစ်ယူနစ်ကို ၁၀၀ ကျပ်နှုန်းဖြင့် အခွန်အခပေး ဆောင်ရကြောင်း သိရပါတယ်။ လာမယ့်နှစ်အတွက် ကုန်ဂိတ် တစ်ခန်းကို တစ်လ ကျပ်သုံးသိန်းခွဲနှုန်း ဈေးဖြင့် ငှားရမ်းရမည်ဖြစ်ရာ အခွန် အခနဲ့ လမ်းစရိတ်များကြောင့် ယခု ပို့ဆောင်ခနှုန်းထားတိုင်းဆိုရင် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများလည်ပတ်မှုရှိရန် အဆင်မပြေနိုင်ကြောင်းကုန်စည်ပို့ ဆောင်ရေး လုပ်ငန်းရှင်များက ဆိုကြပါ တယ်။ဇူးဇူး - မန္တလေး