Main menu

Background

ဖျာပုံရေထွက်ဈေးကွက် ကုန်အဝင်များသလို တရုတ်အဆွဲသွက်နေ

Wed, 07/31/2013 - 13:30 -- ydnar

ဖျာပုံမြို့နယ် ရေထွက်ပစ္စည်းဖြစ်တဲ့ ငါးရှဉ့်နဲ့ ငါးလင်ဗန်းတို့ကို ဇွန်၊ ဇူလိုင်လထဲမှာ အများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ အများဆုံးထွက်ရှိတဲ့ဒေသများကတော့ ကျုံကဒွန်း၊ ဒေါ်ညိမ်း၊ ဆိပ်မ၊ သောကြာ၊ နေရောင်ကာစတဲ့ ကျေးရွာများ အပြင် ဖျာပုံနယ်နိမိတ်နဲ့ ထိစပ်နေတဲ့ ဘိုကလေးမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်ဘက်တွေကလည်း ယခုနှစ်မှာ ဖျာပုံ အဝယ်ဒိုင်ကို လာရောက်သွင်းကြပါတယ်။

မိုးကာလဖြစ်လို့ ငါးရှဉ့်၊ ငါးလင်ဗန်းဟာ အမိအရများတဲ့ ရာသီဖြစ် တာကြောင့် ဒီလတွေမှာ ကုန်အများဆုံးတက်တာပါလို့ အဝယ်ဒိုင်မှ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ “ကုန်ပစ္စည်းအတက်များပေမယ့် ဈေးနှုန်းကျဆင်းမှုမရှိပါဘူး။ တရုတ်ဘက်က အဝယ်လိုက်နေတဲ့ အတွက် ဈေးနှုန်း တောင် တိုးပေးပြီး ဝယ်နေရပါတယ်။ ဒီနှစ် ဇွန်၊ ဇူလိုင်လတွေမှာ တစ်နေ့ကို ကုန်ချိန်ပိဿာ ၂၀၀၀ ကျော်တင်ပို့နိုင်ပါတယ်။ မနှစ်က တစ်နှစ်လုံးကုန်ချိန်ပိဿာ တစ်သိန်းကျော်လောက်ပဲ တင်ပို့နိုင်ပြီး၊ ယခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အထိ ပိဿာချိန် ၁ ဒသမ ၅ သိန်းခန့် တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ရန်ကုန်ကို ကားစင်းလုံးငှားပြီး တင်ပို့ပါတယ်။ ရန်ကုန်အရောက် ကားတစ်စီးကို ၆၀၀၀၀ ကျပ်ပေးရပြီး၊ ၃၂ တာ တင်နိုင်ပါတယ်။ တာတစ်တာကို ပိဿာချိန် ၆၀ ဆံ့ပါတယ်။ ရန်ကုန် အရောက် တာတစ်တာရဲ့ ကုန်ကျစရိတ်ဟာ ၁၈၇၅  ကျပ်လောက်ရှိပါတယ်” လို့ အောင်ကမ္ဘာ ငါးရှဉ့်၊ ငါးလင်ဗန်း အဝယ်ဒိုင်က ပြောပါတယ်။ ယနေ့ ဒိုင်ဖြတ်ဈေး ငါးရှဉ့် (အကြီး၊ အသေး) သောင်းပြောင်းတစ်ပိဿာကို ၅၀၀၀ ကျပ်၊ အကောင်ကြီး (သီးသန့်) ၆၀၀၀ ကျပ်ဖြစ်ပြီး၊ ငါးလင်ဗန်း ၃၀ ကျပ်သားအထက် တစ်ပိဿာကို ၁၉၀၀၀ ကျပ်၊ ၃၀ ကျပ်သားအောက် ၉၀၀၀ ကျပ်ဈေးနဲ့ဝယ်ကြောင်းသိရပါတယ်။ အောင်ကမ္ဘာ ငါးရှဉ့်၊ ငါးလင်ဗန်းအဝယ်ဒိုင်ဟာ ယခုနှစ်မှာ အဝယ်ဒိုင် ဆိုင်ခွဲများထားရှိပြီး နေရာအနှံ့ဝယ်ယူလျက်ရှိကြောင်းသိရပါတယ်။                             မင်းဇော်မွန်-ဖျာပုံ