Main menu

Background

အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် မြန်မာမတ်ပဲ ဈေးအနည်းငယ်မြင့်တက်လာ ပဲစင်းငုံနီ ဈေးငြိမ်၊ မိုးပဲများ တိုးချဲ့ စိုက်ပျိုးနိုင်

Tue, 08/06/2013 - 10:38 -- ydnar

ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်း ဈေးကွက်တွင် မြန်မာ မတ်ပဲ ဈေးအနည်းငယ်မြင့်တက်လာပြီး ပဲစင်း ငုံနီကတော့ ပဲခွဲစက်နှင့် ကုန်သည်များ က အဝယ်မရှိလို့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒေလီဈေးကွက် မှာလည်း ဒေစီကုလားပဲများ ဈေးငြိမ်နေပါတယ်။NCDEX ကုန်စည်ဒိုင်မှာတော့ သြဂုတ်၊ စက်တင်ဘာလများ အတွက် ကုလားပဲ ကြိုရောင်းဈေးများ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့အထိ မိုးပဲ မျိုးစုံ ဟက်တာ ၇၃ ဒသမ ၆၂ သိန်း စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူက ဟက်တာ ၃၉ ဒသမ ၅၂ သိန်းထက် နှစ်ဆနီးပါးခန့်စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရ ပါတယ်။မဒ္ဒရာပရာဒက်ရှ်၊ ကာနာတာ ကာ၊ မဟာသျှတ္တရ ပြည်နယ်တွေမှာ မိုးပဲစိုက်ဧကများတယ်လို့ သိရပါတယ်။ အိန္ဒိယတောင်သူတွေကပြီးခဲ့တဲ့ သီတင်း ပတ်က မိုးပဲကို အများအပြား တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လာမယ့်နှစ်လမှာ လည်း မိုးကောင်းမွန် မယ်လို့ သိရပါ တယ်။ စတုတ္တအကြိမ် ခန့်မှန်းချက်အရ မတ်ပဲထုတ်လုပ်မှု တန်ချိန် ၁ ဒသမ ၉ သန်း၊ ပဲစင်းငုံ ၃ ဒသမ ၀၇ သန်း၊ ကုလားပဲ ၈ ဒသမ ၈၈ သန်း၊ ပဲတီစိမ်း ၁ ဒသမ ၂ သန်း အသီးသီးထုတ်လုပ် နိုင်မယ်လို့ သတင်းရပါတယ်။ ပဲတီ စိမ်းသစ်များ ကာနာတာကာပြည်နယ် မှာ ထွက်ရှိနေပြီး လာမည့်အပတ်များ မှာ အခြားပြည်နယ်တွေကလည်း ပဲသစ် စတင်ထွက်ရှိမယ်လို့ သတင်းရပါ တယ်။ မွန်ဘိုင်းဆိပ်ကမ်းကို ပဲတီစိမ်း ၃၅ လုံး၊ ပဲရာဇာ ၉၇ လုံး၊ ပဲစင်းငုံခွဲခြမ်း ၁၃ လုံး၊ ပဲစင်းငုံ ၁၈၄ လုံး ဝင်ရောက် လာခဲ့ပါတယ်။ ချန်နိုင်းဆိပ်ကမ်းကို မတ်ပဲ ကွန်တိန်နာ ၄၉၈ လုံး၊ ပဲနီလေး ၁၆၆ လုံး၊ ပဲတီစိမ်း ၉ လုံး၊ ပဲစင်းငုံ ၃၅ လုံး၊ မြေထောက် ၄ လုံး၊ ပဲဝါလေး ၃ လုံး၊ ပဲလွန်း ၃ လုံး ဝင်ရောက်ခဲ့ပါ တယ်။ ပြည်တွင်းပဲမျိုးစုံထုတ်လုပ်မှု တိုးတက်စေရန် ပြည်ပမှ တင်သွင်းပဲ များအပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံပေးရန် လယ်ယာကဏ္ဍ ကုန် ကျစရိတ် တွက်ချက်ရေးကော်မရှင် (CACP)ရဲ့ အကြံပြုချက်ကို စားနပ် ရိက္ခာ ဝန်ကြီးဌာနမှ ဆန့်ကျင်ခဲ့ပြီး ၇ ဒသမ ၅ ရာခိုင်နှုန်းသာ ကောက်ခံရန် ထောက်ခံထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရအနေဖြင့် ပဲမျိုးစုံအပေါ် သွင်းကုန်ခွန်ကို လတ်တလော သတ် မှတ်ရန် မရှိကြောင်း စိုက်ပျိုးရေးဝန်ကြီး ရှရတ်ပုဝါက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။နှင်းဧကရီ - DTP