Main menu

Background

ဘိုကလေး-ဒလ(ရန်ကုန်) ရွှေဧရာအထူးအမြန်ယာဉ်ကားလိုင်းအသစ်ဖွင့် ပြေးဆွဲပြီ

Thu, 08/22/2013 - 14:49 -- ydnar

ဖျာပုံ၊ ဘိုကလေးမြို့နယ် ရွှေဧရာ ခရီးသည်ပို့ဆောင်ရေး(အထူး)အမြန် ယာဉ်ငယ်အသင်းမှ ဘိုကလေး-ဒလ (ရန်ကုန်)ကို ကားလိုင်းသစ် အား သြဂုတ်လ ၉ ရက်နေ့က ဖွင့်လှစ်ပြီး စတင်ပြေးဆွဲနေပြီလို့ သိရပါတယ်။

ယခင်က ဘိုကလေးမှ မော်တော်ယာဉ် လိုင်းများဖြစ်တဲ့ ပွင့်သစ်နိုင်၊ သမာဓိ၊ နိုင်အောင်ကျော် မော်တော်ယာဉ်များနဲ့ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်၊ မအူပင်၊ ရန်ကုန်(လှိုင်သာယာ)ကို အသွားအပြန် ပြေးဆွဲခဲ့ပြီး၊ ဘိုကလေးမှ ဒလ(ရန်ကုန်) ကို ပါရမီကားများ၊ တက္ကစီကားများနဲ့ ပြေးဆွဲပေးခဲ့ပါတယ်။ ရွှေဧရာအထူး အမြန် ယာဉ်ငယ်အသင်းက ဘိုကလေး မှ ဒလ(ရန်ကုန်)ခရီးစဉ်များကို နံနက် ၅ နာရီ၊ ၆ နာရီ၊ ၇ နာရီ၊ ၈း၃၀ နာရီ၊ ၁၀ နာရီနဲ့ နေ့လည် ၁ နာရီ အချိန်များ သတ်မှတ်ထားပြီး၊ ဒလ(ရန်ကုန်)မှ ဘိုကလေးကို နံနက် ၇ နာရီ၊ ၁၀း၃၀ နာရီ၊ နေ့လည် ၁ နာရီ၊ ၂း၃၀ နာရီ၊ ၄း၃၀ နာရီနဲ့ ညနေ ၅း၃၀ နာရီ အချိန်ထိ ပြေးဆွဲပေးမှာဖြစ်ပါတယ်။ “ဘိုကလေး၊ ဒလကို သွားတဲ့ ခရီး သည်ကများတော့ လက်ရှိပြေးဆွဲနေတဲ့ ကားတွေနဲ့လုံလောက်မှုမရှိဘူး။ ခရီး သည်တွေ ကားစောင့်စီးနေရတယ်။ ဒါကြောင့်လိုအပ်ချက်အရလိုင်းသစ် ဖွင့် ပေးတာပါ။အချို့ခရီးသည်တွေကအချိန် တိုးတောင်းလာကြတယ်။ ခရီးသည်ရဲ့ ဆန္ဒအရ အချိန်ကို ပြောင်းလဲတိုးချဲ့ ပြေးဆွဲပေးဖို့ သက်ဆိုင်ရာ ခွင့်ပြုချက် ရယူပြီး၊ ပြေးဆွဲပေးသွားမှာပါ။ ယာဉ်စီး ခနှုန်းထားကတော့ တစ်ဦးကို ၄၀၀၀ ကျပ်နှုန်းပါ၊တင်ဆောင်နိုင်တာကတော့ ၁၃ ဦးပေါ့။ ၁၃ ဂဏန်းကိုရှောင်ပြီး ၁၄ ဦးခုံဖြည့်ထားပါတယ်။ ၅ ဦးထက်ပိုပြီး၊ ဝယ်ယူရင် အိမ်တိုင်လာ ရောက်ပို့ပေး၊ ခေါ်ပေးပါတယ်။ ကားအမျိုးအစား က တော့ Super  Custom ပါ ခရီးသည် တွေအခေါ်ကတော့ ပေါင်မုန့်ကား ပေါ့ဗျာ ” လို့ရွှေဧရာခရီးသည်ပို့ဆောင် ရေး (အထူး)အမြန်ယာဉ်ငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ယခုလို ယာဉ်လိုင်းများ တိုးချဲ့ ပြေးဆွဲလာတဲ့အတွက် ခရီးသွားပြည်သူ များသွားလာသမျှ အဆင်ပြေပြီး၊ ယာဉ် စီးခနှုန်းထားမှာလည်း ယခင်ကထက် ဈေးသက်သာလာပြီး၊ လိုရာခရီးကို သက်သောင့်သက်သာနဲ့ အမြန်ဆုံး ရောက်တယ် ” လို့ ခရီးသွားတစ်ဦးရဲ့ ရင်တွင်းဆန္ဒကျေနပ်မှုအသံကို ကြား လိုက်ရပါတယ်။မင်းဇော်မွန် - ဖျာပုံ