Main menu

Background

ဈေးနှုန်း ဆက်လက် ပန်းပန်နေတဲ့ ကြက်သွန်နီ

Tue, 10/29/2013 - 12:26 -- ydnar

ပခုက္ကူရဲ့ စားဖိုချောင်သုံးသီးနှံကြက်သွန်နီ ကုန်စည် ဒိုင်မှာ ကြက်သွန်နီထိပ်စ တစ်ပိဿာ ၉၇၅ ကျပ်၊ အလတ်စ တစ်ပိဿာ ၇၆၀ ကျပ်၊ အောက်စတစ်ပိဿာ ၇၀၀ ကျပ်လို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ အရောင်း အဝယ် ဖြစ်နေတာကို တွေ့ရပါတယ်။ ယခင်အပတ်က ထိပ်စ တစ်ပိဿာ ၈၈၀ ကျပ်၊ လတ်စ တစ်ပိဿာ ၈၅၀ ကျပ်၊ အောက်စ တစ်ပိဿာ ၇၅၀ ကျပ်ဆိုတော့ အတန်းအစားကို လိုက်လို့ ထိပ်စ တစ်ပိဿာ ဆိုရင် တစ်ပိဿာအပေါ် ၇၅ ကျပ် ကွာ၊ အလတ်စ တစ်ပိဿာ ၅၀ ကျပ်ကွာ၊ အောက်စ တစ်ပိဿာ ၁၅၀ ကျပ် ကွာ ဖြစ်နေတာကို တွေ့ရပါတယ်။
 

ကြက်သွန်လက်ကျန်နည်းနေချိန် အရည်အသွေးကလည်း ကျနေချိန် မိုးစိုက်(ဥစိုက်) ကြက်သွန်လည်း တဖြောက်ဖြောက် ပေါ်နေချိန်မှာ ဈေးမြောက်နေတာဆိုတော့ ဘာ့အတွက် လည်း၊ ဘာ့ကြောင့်လည်းဆိုတာ စဉ်းစားစရာပါ။ ပခုက္ကူကို နယ်ကအဝင်တွေအနေနဲ့ ၃၁၀၀၀ ပိဿာ၊ ၃၇၀၀၀ ပိဿာ၊ ၅၅၀၀၀ ပိဿာ၊ ၇၀၀၀၀ ပိဿာဆိုပြီး ဝင်နေတာကို လေ့ လာရပါတယ်။ ဒီလောက်ဈေးမြောက်နေတာဘာလို့ အရင် ပတ်ကလိုပိဿာချိန်သိန်းကျော် မဝင်တာလဲဆိုတော့ အထက် အညာမှာ မိုးကကောင်းလေတော့ လမ်းပန်း ဆက်သွယ်ခက်ခဲ တာကြောင့်လို့လဲ ပြောကြပါတယ်။ မိုးစိုက်(ဥစိုက်)ကြက် သွန်နီအနေနဲ့ ပခုက္ကူနယ်နဲ့ ပေါက်နယ် ကြက်သွန်စိုက်ရာ ရွာတွေဖြစ်တဲ့ ဂဝင်လေးတိုင်၊ စညောင့်၊ ဒယ်ပြား၊ ဝက်မှီး၊ ကျွန်းရင်း၊ နံ့သာနယ်များထဲက ဝီရိယကောင်းတဲ့ တောင် သူများ၊ ဝီရိယအကျိုးခံစားရပြီး ဈေးကောင်းမီတယ်လို့ ပြော ရမှာပါ။ မိုးစိုက်(ဥစိုက်) ကြက်သွန်များကို ဈေးနှုန်းဖြတ်ရာမှာ လဲ လက်ကျန်ကြက်သွန်ဟောင်းများနည်းတူ အရည်အသွေး အလိုက် ဈေးကောင်းပေးတယ်လို့ ပြောပါတယ်။ ဒီနေရာမှာ ကွာသွားမှာက လက်ကျန်ကြက်သွန်များအနေနဲ့ ရာသီအနေ အထားအရ အစို့ပေါက်မယ်။ ဥချောင်မယ်၊ အခွံရိပြီးကွာမယ်၊ ယခုပေါ်နေတဲ့ မိုးစိုက်(ဥစိုက်)များကတော့ တင်းမယ်၊ ပြောင်မယ်၊ အရောင်လှမယ်၊ ဒါပေမယ့် ဝယ်သူစားသုံးသူမှာ အလေးချိန်ကျတော့ ဘယ်ဟာစီးမလဲ၊ အလေးချိန်ပို မလဲ ဆိုတာကတော့ စားသုံးသူဘက်က စဉ်းစားရမဲ့ အပိုင်းပါ။ ကောင်းပြီ ဈေးနှုန်းတက်နေမှုအပေါ် သုံးသပ်ရရင် မိုးစိုက်(ဥစိုက်)ပေါ်တယ်။ ဖြောက်ဖြောက် မဖြိုင်သေးဘူး၊ ယခင်နှစ်လက်ကျန် ကြက်သွန်နီများ ရာသီကုန်တော့မယ်၊ အခွံကျွတ်မယ်၊ အစို့ထွက်မယ်၊ အူချောင်မယ် ဖြစ်နေပြီ။ ဒါတောင် ဘာကြောင့် ဈေးတက်လာသလဲ၊ ပြည်ပအထွက် ကလည်း တက်နေဆဲပါ။ ကောမတ်စ်ဂျာနယ်ရဲ့ နယ်စပ် ထွက်ပေါက်တွေမှာ တန်ချိန်ရာနဲ့ချီထွက်တဲ့ သတင်းများမှတ်ရ ဖတ်ရပါတယ်။ ဒါကလည်း တရားဝင်ထွက်ပေါက်က ရရှိတဲ့ စာရင်းဇယား၊ တရားမဝင် ထွက်တာဆိုလို့ ရှိနိုင်မလား၊ ပြော လို့မရပါဘူး။ ကိုယ့်ပြည်တွင်းအနေအထား သီတင်းဝါ လကျွတ်တော့ အလှူရေစက်လက်နဲ့မကွာရှိတော့ မြန်မာ လူမျိုးများ လှူမယ်တန်းမယ် ဘုရားပွဲ၊ ကျောင်းပွဲ အလှူရှိ တယ်။ ချဘူးတဲ့ပန္နက် ရေစက်နဲ့သစ္စာကြောင့် မင်္ဂလာဆောင်မှု တွေရှိမယ်။ ဒီတော့ ပြည်တွင်းအသုံးလဲ ခါတိုင်းထက်ပိုကုန် မယ်၊ ပိုသုံးမယ်၊  အသုံးကြမ်းမယ်။ ဒီတော့ ပြည်ပထွက်ရယ် ပြည်တွင်းသုံးရယ်ပေါင်းရင် ခါတိုင်းထက် ပိုသုံးတော့လိုမယ်၊ လိုရင် ဈေးတက်တယ်။ ဒါက အရောင်းအဝယ်ရဲ့ သဘာ၀ တရားတစ်ခု၊ မလွန်ဆန်နိုင်တဲ့ ကိစ္စတစ်ခုပါ။ ယခင်နှစ် ၃ ရက်အကွာ ကာလတူ အချိန်တွေတုန်းက ဈေးနှုန်းတွေနဲ့ ယှဉ်ရင်ကြည့်ရင် အမြင့်ဆုံးအနေအထားမှာပဲ တွေ့ရပါတယ်။ ဒီတော့ ဘာပဲ ပြောပြောဈေးနှုန်းဆက်လက် ပန်းပန်နေတဲ့ ကြက်သွန်နီလို့ပဲ ပြောရမှာဖြစ်ကြောင်းပါ .......။မြင့်ဦး - ပခုက္ကူ