မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ကန်ပိုက်တီး စခန်း များမှ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၆ရက်မှ ၂၂ ရက် အတွင်းမှာ ကန်ဒေါ်လာ ၈ ဒသမ ၄၄၄ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ တန်ချိန်ပေါင်း ၂၇၀၅၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့တဲ့ ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၂၄၃၀၅ တန်ကျော်၊ ချင်းရွှေဟော်မှတန် ၁၇၀၀ နီးပါး၊ လွယ်ဂျယ်မှ၈၃၅ တန်ခွဲနဲ့ ကန်ပိုက်တီးမှ ၂၁၁ တန်ဖြစ်ပါတယ်။
ယခင်အပတ်က စခန်း(၄)ခုပေါင်းတင်ပို့ခဲ့တဲ့ တန်ချိန်က ၂၄၃၁၃ တန်ကျော်ရှိခဲ့လို့ ယခုအပတ် ပြောင်းတင်ပို့မှုတန်ချိန် ၂၇၀၀ ကျော်ပိုမိုလာတာတွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်အပတ်က ပြောင်း ၁ တန်ကို ၂၇၉၃၄၆ ကျပ်ရှိရာမှ ယခုအပတ်မှာ ၂၇၄၆၂၃ ကျပ်ဈေးထိ လျော့နည်း သွားခဲ့ပါတယ်။ ယခုလက်ရှိ ပြည်တွင်းဈေးကွက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသများ၊ ပျဉ်းမနားနဲ့လယ်ဝေးဒေသများမှာ ပြောင်းအသစ်ဝင်ရောက် လာတာကြောင့် ပြောင်းဈေးနှုန်းများလည်း ယခင်က ရှိနေတဲ့ ဈေးနှုန်းအောက်ကို ပြန်လည်ကျဆင်းသွားတယ်လို့ သိရပါတယ်။မော်မော်အောင်၊MIRT (DCCA)