မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာလ ပထမပတ် ပဲဈေးကွက်မှာ ကုလားပဲ၊ ပဲစင်းငုံစတဲ့ ထိပ်တန်းပဲတွေ အသစ် မပေါ်သေးပေမယ့် ပဲတီစိမ်း၊ ပဲလွန်းဖြူ စတဲ့ ပဲသစ်တွေကတော့ ဈေးကွက်မှာ အဝင်လှိုင်စပြုနေသလို ထိုက်သင့်တဲ့ ဈေးကောင်းလည်းရနေတဲ့အတွက် လာမယ့် ပဲသစ်ရာသီရဲ့ နမိတ်ကောင်း လို့ မှတ်ယူရလောက်အောင်၊ အဝယ် အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။
ယခုတစ်ပတ် ပဲဟောင်းဈေးကွက် မှာတော့ ကုလားပဲမျိုးစုံဟာ ဒေသကုန် သည်နဲ့ စက်ပိုင်တွေရဲ့လက်ဝယ်ပဲကျန် များနေပြီး ရန်ကုန်အဆွဲ မရှိသလောက် ကင်းခဲ့လို့ ဈေးဟာ တစ်ပတ်ထက် တစ် ပတ်ကျပြီးရင်းကျနေတာတွေ့ရပါတယ်။ မျိုးကွဲအလိုက် ယခုအပတ်အတွင်း ဖြစ် ပေါ်ခဲ့တဲ့ တစ်တင်း အနိမ့်ဆုံးဈေးတွေ ကို ပြောရရင် ကုလားပဲ ရိုးရိုး ၁၄၀၀၀ ကျပ်၊ ကုလားပဲ တိုင်ဝမ် ၁၄၂၀၀ ကျပ်၊ 929 ၁၄၅၀၀ ကျပ်နဲ့ V2 ၁၅၅၀၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ စက် သမား နဲ့ ပဲလက်လီသမားတွေ အနေနဲ့ ပဲလက်ကျန်များနေကျမို့ ကျဈေးကြိုက် တဲ့အခါသာ ဝယ်ယူမှု ရှိခဲ့ရာ တစ်ရက် ကုလားပဲမျိုးစုံ အိတ် ၁၀၀၀ ခန့် ပုံမှန် အရောင်းအဝယ်ဖြစ်နေတယ်လို့ ဒိုင် ရပ်ကွက်ကဆိုပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက် အနေနဲ့ စိမ်းကြီးကို ကနီ၊ မင်းကင်းနယ် တွေက အဝင်များပြီး၊ အရည်အသွေး ကောင်းလို့ တစ်တင်း ၂၉၅၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်ထိ ဈေးကောင်းရခဲ့တာ တွေ့ရပါတယ်။ အဝင်လှိုင်လာတယ်ဆို ပေမဲ့ ဒေသခံကုန်သည်အဝယ်များပြီး၊ နယ်အရောင်းအားဖြင့် တစ်ရက်အိတ် ၂၀၀ ခန့်သာရှိတယ်လို့ ဆိုပါတယ်။ စိမ်း သေးကတော့ ချောင်းဦးဘက်က အဝင် ပိုပြီး မန်းအဝယ်ရှိလို့ တစ်တင်း ၂၆၀၀၀ ကျပ်မှ ၂၆၅၀၀ ကျပ်ဈေးတွေနဲ့ တစ် ရက်အိတ် ၂၅၀ ခန့်အရောင်းအဝယ် ဖြစ်လျက်ရှိတယ်လို့ ပွဲရုံရပ်ကွက်က သိ ရပါတယ်။ ပဲသစ်မပေါ်သေးသလို လက်ကျန် လည်း နည်းလာတဲ့ ငုံနီကတော့ ယခု တစ်ပတ်မှာ တစ်တင်း ၁၆၈၀၀ ကျပ်နဲ့ ငြိမ်နေပြီး၊ ရန်ကုန်လက်အဝယ် မရှိ သလောက် ပါးခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်အပါအဝင် တစ်ပြည် လုံးရှိ ကုန်စည်ဒိုင်တွေမှာ ကြိုရောင်း ကြိုဝယ်၊ လေရောင်းလေဝယ် မလုပ်ရ ဘူးလို့ ဘယ်လောက်ပဲ ပြောဆိုနေ ပေမယ့် ထိရောက်တဲ့ အရေးယူမှု မရှိလို့ အခု ပဲစင်းငုံနီအသစ်ပေါ်ခါနီးမှာ ဒီစနစ်က တစ်ပြည်လုံးနီးပါး စနေပြီလို့ ကုန်သည်အသိုင်းအဝန်းက ပြောပါ တယ်။ ယခုနှစ် ပဲစင်းငုံအထွက်ကိုလည်း မသိ၊ ပြည်ပဈေးကွက်ရှိ မရှိလည်း မသိ ဘဲ အခုလို ကြိုရောင်း ကြိုဝယ် လုပ် ခြင်းဟာ ကာယကံရှင်တွေကိုသာမက အခြားကုန်သည်နဲ့ ဈေးကွက်ကိုပါ ထိခိုက်မှု ရှိနိုင်တယ်လို့ ကုန်သည် တ ချို့က ပြောပါတယ်။ ယခုတစ်ပတ်မှာ လွန်းဖြူ၊ လွန်းပြာ အသစ်ပုံမှန် ဝင်ရောက်ခဲ့ရာ ပဲလွန်း ဖြူကို ချောင်းဦးနဲ့ မြောင်နယ်ဘက်က အဝင်ပိုပြီး ပစ္စည်းလည်းကောင်းလို့ တစ်တင်း၁၉၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်ထိ ပေါက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ရေလိုင်းကသာ ဝင်လာတဲ့ လွန်းပြာက တော့ ယခုတစ်ပတ်မှာ ၁၅၀၀၀ ကျပ် ထိ ဈေးအေးသွားခဲ့ပါတယ်။ ကျန်တဲ့ ပဲဟောင်းတွေဖြစ်ကြတဲ့ စွန်တာနီ၊ ကသဲ၊ ထောပတ်၊ ပဲကြီးဈေးများ ဆက် လက်ဈေးငြိမ်နေခဲ့ပြီး၊ ရန်ကုန်အဝယ် ရှိတဲ့ မတ်ပဲလည်း ယခုတစ်ပတ်မှာ တစ်တင်း ၁၈၂၀၀ ကျပ်နဲ့ တစ်ရက် အိတ် ၃၀၀ ခန့်ပုံမှန် အရောင်းအဝယ် ဖြစ်တယ်လို့ ဈေးကွက်ကဆိုပါတယ်။ထွန်းလှိုင် - မုံရွာ