Main menu

Background

မြိတ်ရော်ဘာဈေး အနည်းငယ်ကျဆင်းလာ

Wed, 12/18/2013 - 05:36 -- ydnar

မြိတ်မြို့နယ်အတွင်း ရော်ဘာအစေးခြစ် ရာသီချိန်ဖြစ်တဲ့ ပွင့်လင်းရာသီချိန်ရောက်မှရော်ဘာဈေး ရုတ်တရက် ကျဆင်း သွားပါတယ်။ ရော်ဘာခြံရှင်များအနေနဲ့ ယခုလို ရော်ဘာဈေး ရုတ်တရက်ကျဆင်းသွားပေမဲ့လည်း ရော်ဘာ အစေးခြစ် ထုတ်လုပ်မှုမှာ ယခင်အတိုင်းပဲ ပုံမှန်ဆောင်ရွက်လျက်ရှိတာ ကို သိရပါတယ်။

ရော်ဘာထုတ်လုပ်သူ ခြံရှင်များအနေနဲ့ ယခုအချိန်မှာ မြို့ပေါ်ရော်ဘာအဝယ်ဒိုင်များကို ထုတ်လုပ်ပြီး မှိုင်းခံရော်ဘာတုံးများ ချက်ချင်း ရောင်းချကြတဲ့သူများရှိသလို၊ ဈေးအခြေအနေကို စောင့်ကြည့်ပြီး သိုလှောင်ထားကြတဲ့ သူများလည်း ရှိတာကိုသိရပါတယ်။ မြိတ်ရော်ဘာ ကုန်သည် တစ်ဦးရဲ့ ပြောကြားချက်အရ မိမိဒေသထုတ်လုပ်တဲ့ ရော်ဘာ များဟာ ပြည်ပဈေးကွက်ကို တင်ပို့တဲ့အခါမှာ အရည်အသွေး မမီလို့ ဈေးကောင်းမရဘူးလို့ပြောပါတယ်။ ပြည်ပဈေးကွက် မှာ စံချိန်မီဈေးကောင်းရအောင် ထုတ်လုပ်သူခြံရှင်များ၊ ရော်ဘာကုန်သည်ကြီးများ၊ အသင်းအဖွဲ့များနဲ့ သက်ဆိုင်ရာ  အစိုးရဌာနများ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လဲ ပြောပါ တယ်။ ရော်ဘာဈေး ရုတ်တရက်ကျဆင်းလာရခြင်းမှာ လည်း ပြည်ပဈေးကွက်မှာ ရော်ဘာဈေးကျဆင်းလို့ မိမိဒေသမှာ ရော်ဘာဈေးအနည်းငယ် ကျဆင်းလာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နည်းပညာပိုင်းဆိုင်ရာ စက်ကိရိယာပိုင်းဆိုင်ရာ ပံ့ပိုး ကူညီမှုများရပါက ပြည်ပရော်ဘာ ဈေးကျဆင်းပေမဲ့လည်း မိမိရော်ဘာအရည်အသွေးကောင်းမွန်မှုကြောင့် ပြည်ပ ဈေးကွက်မှာ ယခုထက်ဈေးပိုမို ရနိုင်မယ်လို့လည်း ၎င်းင်း ကုန်သည်က ပြောပါတယ်။ မြိတ်မြို့နယ်အတွင်း ယခုအခြေအနေမှာ ဖြစ်ပေါ်နေတဲ့ ရော်ဘာဈေးနှုန်းများကတော့ မှိုင်းခံအဆင့် (၁) တစ်ပေါင် ၈၈၈ ကျပ်၊ အဆင့်(၂) တစ်ပေါင် ၈၆၁ ကျပ်၊ အဆင့်(၃) တစ်ပေါင် ၈၃၃ ကျပ်၊ အဆင့်(၄) တစ်ပေါင် ၈၀၅ ကျပ်၊ အဆင့်(၅) တစ်ပေါင် ၇၇၇ ကျပ်အသီးသီးဖြစ်ပေါ်လျက် ရှိပါတယ်။ မြိတ်မြို့ပေါ်မှာ ရော်ဘာ ဒိုင်စဖွင့်ချိန်နဲ့ ယခင်နေ့ ရက်များကဆိုရင် မှိုင်းခံအဆင့်(၁) တစ်ပေါင် ၉၄၄ ကျပ်၊ အဆင့်(၂)တစ်ပေါင် ၉၁၆ ကျပ်၊ အဆင့်(၃) တစ်ပေါင် ၈၈၈ ကျပ်၊အဆင့်(၄) တစ်ပေါင် ၈၆၁ ကျပ်၊ အဆင့် (၅) တစ်ပေါင် ၈၃၃ ကျပ်အသီးသီး ဖြစ်ပေါ်ခဲ့လို့ ယခင်အခြေအနေထက် ရော်ဘာဈေး အနည်းငယ်ကျဆင်းသွားကြောင်း မြိတ်ရော်ဘာ ဈေးကွက်မှ သတင်း ရရှိပါတယ်။        မျိုးအေး - မြိတ်