ပြီးခဲ့တဲ့နှစ် ဆောင်းကြက်သွန်နီဈေးကွက်မှာ ပေါ်ကာစ တစ်ပိဿာ ၃၀၀ ကျပ်ဝန်းကျင်မှ ယနေ့ လက်ကျန် ပြတ်ချိန် တစ်ပိဿာ ၇၅၀ ကျပ်၊ ၈၀၀ ကျပ်ဝန်းကျင် ဈေးရခဲ့တာ ကြောင့် စားသုံးသူတွေအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေခဲ့ပဲ စိုက်ပျိုးသူတွေသာ အကျိုးရှိခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် လည်း မုံရွာခရိုင်က ဈေးကွက် မျှော်လင့်ချက် နဲ့ စိုက်ဧက ၁၃၀၀၀ ထက်ကျော်လွန်စိုက်ပျိုးခဲ့ကြကာ မှန်းချက်ကိုက်ခဲ့ တယ်လို့ ဆိုရမှာပါ။
ဒီလို အကျိုးရှိခဲ့ကြတဲ့အတွက် ယခုနှစ်ဆောင်းရာသီ စိုက်ပျိုးချိန်မှာ ပိုမိုတက်ကြွစွာ စိုက်ပျိုးလျက်ရှိကြကာ ယနေ့ ထိဧက ၁၀၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီလို့ ကိန်းဂဏန်း လေ့ လာချက်အရ သိရှိရပါတယ်။ အထူးသဖြင့် မုံရွာ တစ်ခရိုင်လုံး စိုက်ဧက ၁၃၀၀၀ ကျော်အနက် မုံရွာမြို့နယ်မှာ ၄၁ ဒသမ ၃ ရာခိုင်နှုန်း စိုက်ပျိုးခဲ့ကြလို့ စုစုပေါင်းဧက ၅၅၀၀ ထိစိုက်ပျိုး နိုင်ခဲ့တာတွေ့ရပါတယ်။ ယခုနှစ် ကြက်သွန်စိုက်ပျိုးရာသီမှာ ကြက်သွန်မျိုးစေ့ဟာ တစ်ပြည် ၃၀၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး စိုက်ပျိုး လျာထားချက်ကျော်တဲ့အထိ ပျိုးပင်လုံလောက်မှုရှိ တယ်လို့ တောင်သူတွေက ပြောပါတယ်။ ပျိုးချိန်ကာလက မိုးဖျက်ခဲ့လို့ ပျိုးပင်အချို့ ပျက်စီးမှုရှိခဲ့ပေမဲ့ ပိုမိုပျိုးခြင်းနဲ့အချိန်မီ အစားထိုးပျိုးနိုင်ခြင်းကြောင့် အခုလို လုံလောက်ခြင်း ဖြစ် တယ်လို့ဆိုပါတယ်။ မုံရွာမြို့နယ်ရဲ့ ကြက်သွန်စိုက်ရာ ကျေးရွာတွေမှာ လုပ်သားရှားပါးမှုနဲ့ နေ့တွက်စရိတ် ကြီးမြင့်မှုတို့ ကြောင့် အချို့ ဒေသတောင်သူတွေအနေနဲ့ တစ်ဧကပုတ်ပြတ် ၃၅၀၀၀ ကျပ်နဲ့ ငှားရမ်းစိုက်ပျိုးခဲ့ကြတယ်လို့ တောင်သူ တချို့က ပြော ပါတယ်။ ပုံမှန်အားဖြင့် ကြက်သွန်နီ တစ်ဧက လုပ်သား ၆၀ ဦးခန့်စိုက်ရပြီး ယခုနှစ်ပေါက်ဈေးတစ်ဦး ၁၅၀၀ ကျပ်ခန့် ပေးရတဲ့အတွက် ၉၀၀၀၀ ကျပ်ခန့် ကုန်ကျမှာဖြစ်လို့တောင်သူ တွေ ကုန်ကျစရိတ်သက်သာသလို ကျွမ်းကျင်တဲ့လုပ်သားများ အနေနဲ့လည်း လူနည်းနည်းနဲ့ ပုတ်ပြတ်စိုက်ရတဲ့အတွက် တစ် ဦးချင်းဝင်ငွေ ပိုမိုရရှိတယ်လို့ ဆိုပါတယ်။ ယခုလိုကြက်သွန်နီစိုက်ဧက တိုးချဲ့လိုသူများပြားနေတဲ့ အတွက် မြေငှားရမ်းခဈေးလည်း မြင့်လာခဲ့ကာ မနှစ်က မြေ ငှားရမ်းခတစ်ဧက ၁ ဒသမ ၅ သိန်းမှ ယခုနှစ်မှာ ၁ ဒသမ ၈ သိန်းအထိတိုးမြင့်လာတယ်လို့ ကြက်သွန်တောင်သူ တစ်ဦး ကဆိုပါတယ်။ ကြက်သွန်အဓိကစိုက်ပျိုးတဲ့ မြေနဲရွာက တောင်သူ အများစုကတော့ မိုးကြက်သွန်နီ တူးဖော်လျက်ရှိ တာမို့ ဆောင်းကြက်သွန်နီစိုက်ပျိုးချိန် အနည်းငယ်နောက်ကျ နိုင်တယ်လို့သိရပါတယ်။ ထွန်းလှိုင်-မုံရွာ