Main menu

Background

အဖွင့်ဈေးကောင်းရတဲ့ ငါန်းဇွန်ပဲစင်းငုံ

Tue, 12/31/2013 - 07:48 -- ydnar

မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ မိုးသီးနှံ ပဲစင်းငုံကို ၃၃၆၀၄ ဧက စိုက်ပျိုးခဲ့ ပါတယ်။ ယခုနှစ် မိုးပဲစင်းငုံစိုက်ပြီး ကာလ အပင်ပေါက်အားကောင်းခဲ့သော်လည်း အပင်ကြီးထွားဖို့အားယူချိန်မှာ မိုးခေါင်ခဲ့သဖြင့် သီးညှပ်အဖြစ်စိုက်ပျိုးခဲ့တဲ့ နှမ်းနဲ့ ပဲစင်းငုံအချို့ ပျက်စီးမှု အနည်းငယ်ရှိခဲ့ပါတယ်။ ပဲစင်းငုံကို ဒေသတွင်း တန်းစိုက်နဲ့ ကြဲပက်စိုက်နှစ်မျိုး စိုက်ကြတဲ့အတွက် အချို့တန်းစိုက်သမားများက အစားထိုး သီးနှံအဖြစ် မြေပဲကို အစားထိုးစိုက်ကြပါတယ်။

ကြဲပက် စိုက်သမားများကတော့ အပင်သန်စွမ်းမှုအားနည်းသော်လည်း ပဲစင်းငုံကို အဓိကထားစိုက်ပျိုးတဲ့အတွက် သွင်းအားစု များထည့်သွင်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ အပင်ပြုစုမှု အား ကောင်းတဲ့အတွက် အပင်ဖြစ်ထွန်းမှုရှိကြောင်း သိရပါတယ်။ အစားထိုးသီးနှံမြေပဲမှာ ယခုနှစ်အထွက်နှုန်းမဆိုးတဲ့အတွက် တောင်သူများ ခုသာခံသာ ရှိခဲ့ကြောင်း လည်း သိရှိရပါတယ်။ ဒေသတွင်း ပဲစင်းငုံအနေနဲ့ ယခင်နှစ်က စိုက်ဧက ၃၂၁၂၁ စိုက်ပျိုး ခဲ့ပြီး၊ ၁ ဧက အထွက်နှုန်း ၅ တင်းဝန်းကျင်၊ အချို့ ၃ တင်းဝန်းကျင်သာ ထွက်ရှိခဲ့ပြီး၊ ဈေးကွက်အနေနဲ့လည်း ယခင်နှစ်က သီးနှံစထွက်ချိန် အဖွင့်ဈေး ၃ တင်း တစ်အိတ် ၅၁၀၀၀ ကျပ်နဲ့ စတင်ခဲ့ပြီး၊ သီးနှံပြီးချိန် ဧပြီလမှာ ၃ တင်း တစ်အိတ် ၆၆၀၀၀ ကျပ်ဈေးရှိတဲ့အတွက် ဒေသတွင်းမှာ ဈေးနှုန်းအနေနဲ့တောင်သူများလက်ဝယ် ၂ လ - ၃ လထိန်းသိမ်းနိုင်ပါက ပိုပြီးအကျိုးရှိနိုင်ကြောင်းလည်း သိရပါတယ်။ ယခုအခါဒေသမှာ မိုးပဲစင်းငုံအနေနဲ့ သက်နုပင်များပိုးကျပေမဲ့ အထွက်နှုန်း မထိခိုက်နိုင်ကြောင်း သက်ရင့် အနေနဲ့ ကုန်းစိုက်များဖြစ်ပြီး၊ ပိုးကျမှုနည်းပါးတဲ့ ချိုင့်ဝှမ်းကျအခင်းများမှာ ပိုးအနည်းငယ်ကျတာကို တွေ့ရပါတယ်။ လက်ရှိ အခြေ အနေမှာ အပင်အနေအထား ၇ ပေ - ၈ ပေထိ ရောက်ရှိပြီး၊ အချို့ ၅ ပေ - ၆ ပေထိ အပင်များမှာ အဖူးအပွင့်သီးကင်းများ ဝေဆာနေပြီး၊ ဒေသတောင်သူကြီး များမှ အပင်အား၊ ပွင့်အားနဲ့ သီးကင်းဝင်ရောက်မှုအား တို့ကိုကြည့်ပြီး၊ ယခုနှစ် ၁ ဧကအထွက်နှုန်း ၅ တင်း - ၇ တင်း - ၁၀ တင်းဝန်းကျင်ထိထွက်ရှိနိုင်ကြောင်း၊ လာမယ့်ဇန်နဝါရီလလယ်ပိုင်းမှာ သက်နုများစတင်ခုတ်သိမ်းပြီး၊ ဖေဖော်ဝါရီလမှာ သက်ရင့်များ ခုတ်သိမ်းကာ လှိုင်လှိုင်ထွက်တော့မည်ဟု သိရပါတယ်။ ယခုအခါ ပဲစင်းငုံကို အနီးဝန်းကျင်မြို့များမှာ အနည်းငယ်စတင်ထွက် ပေါ်ပြီး၊ ဈေးကွက် အနေနဲ့ ၃ တင်းဝင်တစ်အိတ် ၅၅၀၀၀ ကျပ်ဈေး စတင်တယ်လို့ သိရတဲ့အတွက် ယခင်နှစ်ဈေးထက်သာနေတဲ့အတွက်ဒေသတောင်သူများအနေနဲ့ ပဲစင်းငုံကို အား ထားမျှော်လင့်နေကြောင်းလည်း သိရပါတယ်။      ယဉ်ယဉ်အေး - မန္တလေး