မုံရွာကုန်စည်ဒိုင် မတ်လ လကုန်ပတ် ပဲဈေးကွက်မှာ နယ်က အဝင်နည်းတဲ့ ပဲတွေ ဝယ်လက်ဆွဲကာ ကြိုက်ဈေးသင့်လို့ အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။ အထူးအားဖြင့် ဒီနှစ် ကုလားပဲမျိူးစုံ ဈေးကွက်မှာ ပဲပေါ်ချိန် တစ်တင်း ၁၄၀၀ ကျပ် ဝန်းကျင် ဈေးရခဲ့ပြီး၊ အထွက်နှုန်းလည်း လျော့တဲ့အတွက် ပဲစိုက် တောင်သူတွေ အထိနာခဲ့တယ် လို့ ဆိုပါတယ်။ ပေါက်ဈေးအများစုဟာ လုပ်ငန်းသုံးသမားတွေဖြစ်ကြတဲ့ ပဲခွဲစက်၊ ကြာဇံစက်သများတွေကို ကုန်ကြမ်းဈေးလျော့စေလို့ အကြိုက်တွေ့အကျိူးရှိစေပြီး၊ လှောင်လက်သမားတွေရဲ့ ဝယ်ကုန်တစ်ရပ်ဖြစ်တဲ့ တာတွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲမျိူးစုံ ဈေးကွက်မှာတော့ ထိုင်ဝမ် တစ်တင်း ၁၄၈၀၀ ကျပ်၊ ကုလားပဲ ဖြူလုံးကြီးတစ်တင်း ၁၅၈၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၄၇၀၀ ကျပ် အသီးသီး ပေါက်ခဲ့ပြီး၊
ဒိုင်ဈေးကွက်မှာ တစ်ရက် အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့သိရပါတယ်။ ပဲတီစိမ်းဈေးကွက်ကတော့ ဒိုင်မှာ ပစ္စည်းပျောက်သလောက်ရှားခဲ့ပြီး၊ နယ်အဝင်ရှိတဲ့ ရက်မှာ အနည်းငယ်အရောင်းအဝယ်ဖြစ်ခဲ့ကာ ယခုတစ်ပတ်မှာ တစ်တင်း ၂၇၅၀၀ ကျပ်၊ အမြင့်ဆုံးဈေးပေါက်ခဲ့ပါတယ်။ ငုံနီဈေးကွက်အနေနဲ့ ရန်ကုန်လက် ပုံမှန်ဆွဲနေပြီး၊ ဈေးလည်း တစ်တင်း ၁၉၆၀၀ ကျပ်ထိ မြောက်လာလို့ လှောင်လက်တွေ ထုတ်ရောင်းချမှုရှိခဲ့ရာ တစ်ရက် အနည်းဆုံး အိတ် ၁၀၀၀ မှ အများဆုံး ၃၀၀၀ အထိရှိနိုင်တယ်လို့ ဈေးကွက်က သိရပါတယ်။ ယခုတစ်ပတ် စွန်တာနီဈေးကွက်မှာ ဒိုင်ကို ပဲအဝင်အားဖြင့် ကလေးဘက်နဲ့ ချင်းတွင်းလိုင်းကသာ ဝင်ခဲ့ပြီး ရန်ကုန်ဝယ်လိုအားမြင့်လာတဲ့အတွက် တစ်တင်း ၁၇၅၀၀ ကျပ်ထိ ဈေးပြန်မာလာတာ တွေ့ရပါတယ်။ စွန်တာနီ ဈေးကွက် ကဒိုင်မှာပဲလက်ကျန် လျော့နေပြီး၊ ကလေးပဲတွေအနေနဲ့ မန်းကို တိုက်ရိုက်ဆင်းသွားတာမျိူးရှိလို့ အခုလိုမုံရွာက ဈေးမာခဲ့တာဖြစ်ကြောင်း ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခု တစ်ပတ် မတ်ပဲဈေးကွက်မှာလည်း လှောင်လက်ထံမှာသာ ပဲလက်ကျန်ရှိလို့ ဝယ်လိုအား ပုံမှန်ရှိနေတဲ့ အတွက် တစ်တင်း ၂၀၀၀ ကျပ်ထိ ဈေးမြောက်လာခဲ့တာ တွေ့ရပါတယ်။ ပဲကြီးဈေးကွက်အနေနဲ့ မုံရွာဒိုင်ဈေးကွက်မှာ ကုန်းနဲ့ ရေပဲကြီး ၂ မျိူးလုံး အဝင်ပုံမှန်ရှိခဲ့ပြီး၊ ဒေသဝယ်လက် ပုံမှန်ရှိခဲ့ရာ ယခုတစ်ပတ်မှာ တစ်တင်း ၂၁၀၀၀ ကျပ်- ၂၃၅၀၀ ကျပ်ဈေး အသီးသီး ဖြစ်ပေါ်နေပြီး၊ တစ်ရက်အိတ် ၇၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခု တစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေမှာ ပစ္စည်းအဝင်အများဆုံးနဲ့ အရောင်းရဆုံးသီးနှံ ကတော့ CP ပြောင်းဖူးစေ့ဖြစ်ပြီး၊ တစ်တင်း ၆၆၀၀ ကျပ် ဝန်းကျင်နဲ့ တစ်ရက်တင်း ၄၀၀၀ ဝန်းကျင် အရောင်းအဝယ်သွက်လျက်ရှိတယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။ ထွန်းလှိုင်-မုံရွာ