Main menu

Background

ဖူလုံအေးဆေး အညာဆန်ဈေး

Tue, 05/06/2014 - 04:17 -- ydnar

 
ဖူလုံအေးဆေး အညာဆန်ဈေး    တစ်ရက်ကသောက်နေကျ လက်ဖက်ရည်ဆိုင်မှာ ဆန်သမားများနဲ့တွေ့ပါတယ်။ ဘယ်လိုလဲ .. အရောင်းအဝယ်အခြေအနေလေး ပြောပါဦးဆိုတော့ဆန်သမား တော်တော်များများ ငြီးကြပါတယ်။ မရောင်းရလို့လားဆိုတော့

မရောင်းရလို့ မဟုတ်ပါဘူး။ အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ ဈေးလည်းသင့်ပါတယ်။ အဝင်များလို့ ထားစရာ မလုံလောက်အောင် ဖြစ်နေလို့ပါလို့ပြောပါတယ်။ လက်ကျန်အနေနဲ့ ပခုက္ကူမှာ ခန့်မှန်းခြေ အိတ် ၅ သိန်းလောက် အနည်းဆုံးရှိမယ်လို့ ပြောပါ တယ်။ တချို့ဆိုရင် ကမ်းနားမှာကို အောက်ပိုင်းက မော်တော် ၃ စင်း၊ ၄ စင်းလောက် ကုန်မဖောက်နိုင်သေးဘဲ ရေပေါ်ဂိုဒေါင်လို ဒီအတိုင်းထားနေ ရတယ်လို့ ပြောပါတယ်။ မနောသုခ မိုးဆန် တစ်အိတ်ပေါ်မှာ ၅၀၀ ကျပ် လောက် တက်ရိပ်ရှိတယ်လို့ ပြောပါ တယ်။ ဒါလဲ ငွေလက်ငင်း ပေးချေမယ်ဆိုရင် ဒီ ၅၀၀ ကျပ်လောက်ကို ချပေးကြတယ်ပြောပါတယ်။ ပခုက္ကူ ပတ်ဝန်းကျင်ဒေသရဲ့ အသုံးက တစ်လကို တစ်တင်းခွဲ ဝင်အိတ် ၂ သိန်းတစ်ပတ်လည် ရှိနေတာဆိုတော့ ပခုက္ကူမှာ ဆန်လက်ကျန်အနည်းဆုံး ၅ သိန်းကျော်မှာ ရှိနေတယ်ဆိုတော့ သုံးလစာအေးအေး ဆေးဆေး လုံလောက်တယ်လို့လည်း ပြောကြပါတယ်။ တစ်ဆက်တည်း တစ် ချို့ဆိုရင် အောက်ပိုင်းက ဆန်အဝင်ကို လှမ်းတားထားတယ်လို့လည်းပြောကြပါတယ်။ အခုတလော မုံရွာ၊ မန္တလေး ဘက်ကိုတက်တဲ့ မော်တော်တွေမှာ နွေဆန်အပြည့်ပါတယ်လို့ပြော ကြပါတယ်။ နွေဆန်ကောင်းကောင်းကို တရုတ် လက်အဆွဲ သွက်နေတယ်လို့ သိရပါတယ်။ ပခုက္ကူမှာဖြစ်ပေါ်နေတဲ့ ဆန်ဈေးတွေအနေနဲ့ နွေဆန်များ တစ်တင်းခွဲဝင် တစ်အိတ် ၁၈၀၀၀ ကျပ် တစ်ပတ်လည်၊ မိုးဇီယာ ၁၈၀၀၀ ကျပ်မှ ၁၈၅၀၀ ကျပ်၊ မိုးမနောသုခ ၁၉၀၀၀ ကျပ် တစ်ပတ်လည်၊ ပေါ်ဆန်း (မြောင်းမြ) ၃၁၀၀၀ ကျပ်၊ ၃၁၅၀၀ ကျပ်၊ ပေါ်ဆန်းရွှေဘို ၃၇၀၀၀ ကျပ် တစ်ပတ်လည်၊ ဥသျှစ်ကြီးရွှေဘို  ၃၅၀၀၀ ကျပ်၊ ဆန်ကွဲဆန်လတ် နွေ ၁၄၀၀၀ ကျပ်၊ ၁၄၅၀၀ ကျပ်၊ မိုး ၁၅၀၀၀ ကျပ်၊ ဒီအနေအထားမှာဆိုရင် စားသုံးသူတွေအဖို့ ဈေးလည်းသင့်တယ်၊ ပစ္စည်းလည်းရှိနေတယ် ဆိုတော့ အညာဒေသမှာ ရာသီဥတုကသာ အပူလွန် နေပေမဲ့ ဆန်အတွက် မပူပင်ရဘဲ၊ ရတက်အေးရလို့ ဖူလုံအေးဆေး အညာဆန်ဈေး လို့ပြောရင် လွန်မယ်မထင်ကြောင်းပါ။