ဈေးကွက်ဝင်သစ်သီးဝလံ စိုက်ပျိုး ခြင်းဖြင့် တောင်သူတွေရဲ့ ဘဝမြင့်မား လာစေတာကို လက်တွေ့ခံစားနေရတဲ့ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ သစ် သီးဝလံတောင်သူတွေဟာ နထစသမအ ဈေး ကွက်ဝင်သခွားမွှေး၊ ဖရဲနဲ့သရက်သီး တို့ သာမက ပြည်တွင်းဈေးကွက်ခိုင်မာ တဲ့ငှက်ပျောကိုလည်းတစ်နိုင်တစ်ပိုင်တိုးချဲ့ စိုက်ပျိုးလာကြတာတွေ့ရပါတယ်။ မုံရွာ ခရိုင် ၄ မြို့နယ်မှာ ဧက ၃၂၇၄ နဲ့ ယင်းမာပင်ခရိုင် ၄ မြို့နယ်မှာ ၂၇၆၄ ဧကထိ စိုက်ပျိုးလျက်ရှိတယ်လို့ သိရပါ တယ်။အထူးသဖြင့် မုံရွာခရိုင် ဘုတလင် မြို့နယ်မှာ ဧက ၂၄၉၀ နဲ့ ယင်းမာပင် ခရိုင်၊ကနီမြို့နယ်မှာ ၂၂၉၃ ဧကထိ စိုက်ပျိုးခဲ့ကြတာတွေ့ရပါတယ်။
ယခုနှစ် ငှက်ပျော စိုက်ပျိုး ထုတ် လုပ်မှု အခြေအနေကို ယင်းမာပင်မြို့ နယ်၊ ငါးမောင်းတောင်သူဦးလှသောင်း ကပြောပြ ရာမှာ တစ်ဧကသာသာ သူ့ခြံ မှာ ငှက်ပျောအပင် ၇၆၀ ခန့် စိုက်ပျိုး ကြောင်း၊ပင်ကြား၆တောင်၊ တန်းကြား ၇ တောင်စိုက်ခဲ့ပြီး၊ ၇ တောင်တန်းကြား မှာ တစ်ကျင်းကို ၂ ပင်စိုက်တယ်လို့ ဆိုပါတယ်။ ဖီးစိမ်း (သီးမွှေး)၊ ဖီးကြမ်း၊ ငှက်ပြာ၊ ချင်းငှက်ပျောနဲ့ ရိုးနီငှက်ပျော မျိုးတွေ စိုက်ထားတယ်လို့သိရပါတယ်။ သီးမွှေးက စစိုက်ပြီး တစ်နှစ်အတွင်း အသီးရောင်းရပေမဲ့ ဖီးကြမ်းက တစ် နှစ်ခွဲနီးပါး ကြာမြင့်တယ်လို့ သိရပါ တယ်။ ယခုနှစ် ငှက်ပျောပေါက်ဈေးက တောပွဲစားတွေ လာဝယ်ရင် တစ်ဖီး ၂၅၀ ကျပ်မှ ၇၀၀ ကျပ်ထိရောင်းရပြီး၊ ဒိုင်သိမ်းဈေးက တစ်ခိုင် ၆ ဖီး၊ ၇ ဖီးကို ၂၈၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဝင်ငွေရတဲ့ အတွက် တစ်နှစ် ဝင်ငွေဟာ သိန်း ၂၀ နီးပါးရနိုင်တာတွေ့ရပါတယ်။ ဒါကြောင့် ဈေးကွက်ဝင်ငှက်ပျော တစ်နိုင်တစ်ပိုင်စိုက်လိုတဲ့တောင်သူတွေ တိုးပွားနေသလို စိုက်ပျိုးမှု ခေတ်မီနည်း စနစ်၊ မျိုးကောင်းမျိုးသန့်နဲ့ မြေသြဇာ ပိုးသတ်ဆေး စနစ်တကျသုံးစွဲနည်းတွေ လေ့လာ သင်ယူလိုလျက်ရှိပြီး တစ်နိုင် တစ်ပိုင် ငှက်ပျောစိုက်ခြင်းမှ စီးပွားဖြစ် စိုက်ခင်းအဖြစ်တက်လှမ်းလိုနေကြတယ် လို့ သိရပါတယ်။